တာမွေမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

တာမွေ   ဧပြီ   

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် ဒဂုံလွင်လမ်းနှင့် သမာဓိလမ်းထောင့်ရှိ မေတ္တာပုညကာရီဓမ္မာရုံကြီး၌ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်ဦးဆောင်သည့်အဖွဲ့မှ မေတ္တာညွန့်ရပ်ကွက်အတွင်း နေထိုင်ကြသော မြန်မာတိုင်းရင်းသားလူမျိုးနွယ်စုများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုးရရှိနိုင်ရေးအတွက် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေမှု အခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းကို ပန်းခင်းစီမံချက်အဆင့်(၁)၊(၂)တို့တွင် ရာခိုင်နှုန်းပြည့်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုအခါပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မြို့နယ်အတွင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် တိုင်းရင်းသားပြည်သူ(၄၅)ဦးကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)