ဇမ္ဗူသီရိမြို့နယ်၊ သုတဘဏ်စာကြည့်တိုက်၌ စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးပွဲ ကျင်းပ

ဇမ္ဗူသီရိ ဧပြီ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုတဘဏ်စာကြည့်တိုက်၌ စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းကကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးနှင့် စာကြည့်တိုက် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ ကျေးလက်နေပြည်သူများ အသိပညာတိုးပွားရေးအတွက် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးလုပ်ငန်းများကို ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာက ရပ်ကွက်ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် အတွက် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ နေပြည်တော် စာကြည့်တိုက်များ ဖောင်ဒေးရှင်းအနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက် သွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် စာကြည့်တိုက်ကော်မတီဝင်များက ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာတို့က ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်ရမည့်အချက်များအား ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)