မုဒုံ ဧပြီ ၆
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရှင်အရဟံခန်းမ၌ ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမင်းအောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဒေါ်မြဝင်းက အကြောင်းအမျိုးမျိုးကြောင့် ငယ်စဥ်ကမူလတန်းပညာကိုပြီးဆုံးအောင် မသင်ကြားခဲ့ရသူများ၊ ကျောင်းမနေခဲ့ရသူများအား အခြေခံစာတတ်မြောက်စေရန်၊ သင်ယူသူများသည် အခြေခံစာတတ်မြောက်မှုစွမ်းရည်သာမက နိုင်ငံသားကောင်း အခြေခံအလေ့အကျင့်များ ပိုမိုရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ သင်ထောက်ကူပစ္စည်းများကို သင်တန်းသား/သူများအား ထောက်ပံ့ ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းကို နည်းပြ(၈)ဦး၊ ကြီးကြပ်(၈)ဦးတို့မှ ရက်ပေါင်း(၄၀)ကြာ တစ်ရက်လျင် (၃)နာရီနှုန်း စာသင်ဝိုင်း(၈၁)ဝိုင်းဖြင့် စာသင်သား(၁၂၁၈)ဦးတို့ကို အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
အောင်မျိုးသူ (ပြန်/ဆက်)