မော်လမြိုင် ဧပြီ ၆
မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း၏ အဖွဲ့အစည်း ပရိုဖိုင်စာအုပ်မိတ်ဆက်ခြင်းနှင့် ပြည်နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းများ၏ အချက်အလက်များ ကောက်ယူခဲ့သည့် အခြေအနေအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ Royal Mawlamyine Hotel၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်ရဲ့ အဓိကထုတ်ကုန်တစ်ရပ်မှာ ပါဝင်နေတဲ့ ဆန်စက်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆန်စက်လုပ်ငန်းရှင်များနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းရဲ့ဆောင်ရွက်နိုင်စွမ်းဟာ အဓိက ဖြစ်ပြီး အသင်းအဖွဲ့တစ်ခုရဲ့ တောင့်တင်းအားကောင်းမှုနဲ့ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် စည်းမျည်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ ပါဝင်တဲ့အသင်းရဲ့ မူဝါဒဆိုင်ရာများ၊ အသင်းအဖွဲ့မှာ ပါဝင်သူများရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်များ ကိုယ်စီကိုယ်စီရဲ့ အချက်အလက်များ၊ အသင်းရဲ့ လှုပ်ရှားဆောင်ရွက်နေမှုများပါဝင်တဲ့ “အဖွဲ့အစည်းပရိုဖိုင်"ဟာ လက်ကိုင်ပြုထားရမည့် အချက်ဖြစ်ကြောင်း၊ မွန်ပြည်နယ်သည် ဆန်ဖူလုံမှု ၁၃၃ ရာခိုင်နှုန်းပြီး နှစ်စဉ်စပါးတင်းပေါင်း (၄၆၇) သိန်းကျော်၊ ညီမျှဆန် တန်ချိန် (၄.၆၇) သိန်း ကျော်ထွက်ရှိပြီးတစ်နှစ်လျှင် တန်ချိန် (၈)သိန်းကျော် ကြိတ်ခွဲနိုင်သည့်အတွက် ထွက်ရှိမှုအပေါ် ကြိတ်ခွဲအားလည်း လုံလောက်မှုရှိပါ ကြောင်း၊ မွန်ပြည်နယ် အနေဖြင့် ပြည်ပသို့တင်ပို့နိုင်သည့် Export တန်းဝင်ဆန်များ ပိုမိုထုတ်လုပ်နိုင်ရန်၊ ဆန်စပါးကို အရေးကြီးသည့် ပို့ကုန်တစ်ရပ် အဖြစ်ရပ်တည်နိုင်ရေးကြိုးပမ်း ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ဆန်စက်များအတွက် စက်မှုစီးပွားဂရန်ရရှိရေး၊ ခေတ်မီဆန်စက်များ တိုးချဲ့တပ်ဆင်နိုင်ရေးနဲ့ အတိုးနှုန်းသက်သာသော ချေးငွေရရှိရေးကို ပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြဆောင်ရွက်မှုများအပေါ် အစိုးရအဖွဲ့မှလည်း လမ်းညွှန်မှုပြုပြီးအားပေးကူညီ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ မွန်ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် အခြားအခြားသော စီးပွားရေးကဏ္ဍ အသီးသီးမှလည်း ယခုလို အသင်းအဖွဲ့များ အားကောင်းမောင်းသန်ဖြစ်စေရေးအတွက မွန်ပြည်နယ်အစိုးရ၊ သက်ဆိုင်သည့်ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ လက်တွဲကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးခိုင်ဦးက မွန်ပြည်နယ်ဆန်စက် လုပ်ငန်းရှင်များအသင်း၏ အဖွဲ့အစည်းပရိုဖိုင်နှင့် ဆန်စက်လုပ်ငန်းများ၏ အချက်အလက်များ ကောက်ယူခြင်း လုပ်ငန်းစဉ်၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်ခဲ့မှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး၊ National Enlightenment Institute(NEI) Executive Director ဒေါ် မိုမိုချိုဝင်းက မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း၏ အဖွဲ့အစည်းပရိုဖိုင်နှင့် ဆန်စက်လုပ်ငန်းများ၏ အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းစဉ်အား ပံ့ပိုးကူညီခဲ့သည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ယင်းနောက် မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးခိုင်ဦးက တက်ရောက်လာသော ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တက်ရောက်လာသော ဆန်စက်လုပ်ငန်းရှင်အသင်းဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)