တနိုင်း ဧပြီ ၆
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် အခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၄) ပိတ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ပုန်ခုန်းရပ်ကွက်ရှိ ဟူးကောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တနိုင်းမြို့နယ် မီးဘေးလုံခြုံရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးက သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် မီးလောင်ဆုံးရှုံးမှု မရှိစေရန်၊ မီးဘေးအန္တရာယ် ကင်းရှင်းအောင် ဆောင်ရွက်စေဖို့ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ သဘာဝဘေးအန္တရာယ်များကို ပူးပေါင်းကြိုတင်ကာကွယ်ဖို့၊ မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်များ ပေါက်မြှောက်အောင်မြင်ရန်အတွက် ရည်မှန်းချက်တာဝန်များကိုလည်း ထပ်မံ သတ်မှတ်ပြဋ္ဌာန်းထားကြောင်း မွမ်းမံသင်တန်းလည်း ဆက်လက်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဆုရရှိသော သင်တန်းသားများအား ခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးဌေးဦး၊ မြို့နယ် မီးဘေးလုံခြုံရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူးတေဇာအောင်တို့က ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် မီးသတ်စက်ကလေးလေ့ကျင့်မှုအား သရုပ်ပြသခြင်း၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ လေ့ကျင့်မှုသရုပ်ပြသခြင်း၊ ကြိုးချည်နည်းလေ့ကျင့်မှုပြသခြင်းနှင့် စစ်ရေးပြလေ့ကျင့်မှုများအား လေ့ကျင့်ပြသခဲ့ကြောင်း သိရသည်။
မနောမြေ(ပြန်/ဆက်)