ဝိုင်းမော်မြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဝိုင်းမာ် ဧပြီ ၆

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း မတည်ငြိမ်မှုများကြောင့် မြို့နယ်အသီးသီးတွင် ယာယီနေရပ်စွန့်ခွာသူများက ဘာသာရေးကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလုံလျက်ရှိရာ အဆိုပါ ယာယီနေရပ်စွန့်ခွာသူများ၏ နေထိုင်စားသောက်ရေး ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ လိုအပ်ချက်မရှိစေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးခက်ထိန်နန်မှ သက်ဆိုင်ရာဌာနများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာအလယ်ပိုင်းရှိ မာန်အောင်ဘုန်းကြီးကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ယာယီစစ်ဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အထွေထွေရောဂါကု သမားတော်ကြီး ဒေါက်တာလှအောင်၊ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာအက်စ်လွမ်းနော၊ မီးယပ်နှင့်သားဖွားဆရာဝန်ကြီး ဒေါက်တာသီတာနှင်း၊ သွားနှင့်ခံတွင်း အထူးကုဆရာဝန်ကြီး ဒေါက်တာ မောင်မောင်အေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဘရန်ဒီးနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသမှု ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာဘွမ်ယွန်နှင့် စေတနာ့ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းလျက်မြို့နယ်အတွင်းရှိ ယာယီနေရပ်စွန်ခွာသူများနေထိုင်သည့် စခန်းများတွင် ရောက်ရှိနေသည့် ပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ စစ်ဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ဝိုင်းမော်မြို့နယ်အတွင်းရှိ ရွေညောင်ပင်ကျေးရွာ၊ အောင်မြေ (၁/၂)ကျေးရွာ၊ အင်းလေးကျေးရွာ၊ စန်းကားကျေးရွာ၊ မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာ၊ ရွာသစ်ကျေးရွာတို့မှ ခတ်ချို ကျေးရွာရှိမာန်အောင်ဘုန်းကြီးတော်ကြီးကျောင်းတိုက်၊ ဘုရားကြီးကျောင်းတိုက်၊ တိုက်ကုန်း ဘုန်းတော်ကြီးကျောင်းတိုက်၊ ဝေဠုဝန်ကျောင်းနှင့် ကျေးရွာအတွင်းရှိ နေအိမ်များတွင် ရောက်ရှိ နေကြ‌သော အိမ်ထောင်စု(၂၃၂)စုအနက် ဒေသခံပြည်သူများ (၁၇၁)ဦး လာရောက်စစ်ဆေး ခံကြပြီး ဆေးရုံတက်ကုသမှုခံယူရန်လိုအပ်သည့် ပြည်သူများအား မြစ်ကြီးနားမြို့ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်၍ ကျန်းမာရေး စောင့်ရှောက်မှုများပေးလျက်ရှိပြီး ဆက်လက်၍ ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြူစင်