ချမ်းအေးသာစံ ဧပြီ ၆
၂၀၂၄ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလားခရိုင် ပေါင်းစုံအသက်(၂၅)နှစ်အောက် (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြိုနယ်ရှိ ဗထူးအားကစားကွင်း မိုးလုံလေလုံ အားကစားကွင်းခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ ဒိုင်လူကြီးများ၊ ပြိုင်ပွဲဝင်ခရိုင်အသင်းများမှ အုပ်ချုပ်သူနည်းပြများ၊ အားကစားသမားများနှင့် ဘော်လီဘောဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ယခုကဲ့သို့ အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးခြင်းဖြင့် လူငယ်မျိုးဆက်သစ်လူငယ်များ ဗလငါးတန်ဖြင့် ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်လာစေရေးကိုပါ အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊၂၀၂၄ခုနှစ် မေလတွင် ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဘော်လီဘောပြိုင်ပွဲနှင့် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဘော်လီဘောပြိုင်ပွဲများတွင် မန္တလေးတိုင်းဒေသကြီးအသင်း အောင်မြင်မှုရရှိစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဘော်လီဘောအားကစားနည်းသည် နေရာဒေသမရွေး ကစားနိုင်သည့် အားကစားနည်းတစ်ခုဖြစ်သည့်အပြင် နည်းစနစ်ပရိယာယ် နည်းဗျူဟာတို့ကို အသုံးချ၍ ကစားရသည့် အားကစားနည်းတစ်ခု ဖြစ်သည့်အတွက် အခြေခံကြသော နည်းစနစ်(၄)မျိုးကို ကျွမ်းကျင်သေသပ်စွာ တတ်မြောက်ရန် အရေးကြီးပါကြောင်း၊ ခရိုင်ပေါင်းစုံပြိုင်ပွဲမှ ထူးချွန်သည့် အားကစားသမားများကို ရွေးချယ်စုဖွဲ့ပြီး စခန်းသွင်းလေ့ကျင့်ကာ ယခင်နှစ်က ထက်အောင်မြင်မှုရရှိနိုင်အောင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အားကစားသမားများက ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီးနောက် ၂၀၂၄ ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန် (၄) ချက်ရွတ်ဆိုပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းနှီးစွာ လိုက်လံနှုတ်ဆက်၍ ပြိုင်ပွဲဝင်အသင်းများကို အားကစားပစ္စည်းများပေးအပ်ပြီး အမျိုးသားဘောလီဘောပြိုင်ပွဲ ပွဲစဉ်အဖြစ် ပြင်ဦးလွင်ခရိုင်အသင်းနှင့် မိတ္ထီလာခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ ကြသည်။
အဆိုပါ ခရိုင်ပေါင်းစုံအသက်(၂၅)နှစ်အောက် (အမျိုးသား/အမျိုးသမီး)ဘောလီဘောပြိုင်ပွဲကို ၂၀၂၄ခုနှစ်၊ ဧပြီလ (၅) ရက်နေ့မှ ဧပြီလ (၉) ရက်နေ့အထိ ဗထူးအားကစားကွင်း မိုးလုံလေလုံ အားကစားကွင်းခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းအေးသာစံ (ပြန်/ဆက်)