ပုဗ္ဗသီရိ ဧပြီ ၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး ဒေါ်သီတာဇင်မိသားစုသည် ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာအုပ်စု၊ ခါးပြတ်ကျေးရွာ၊ အောင်စည်သာဘုန်းတော်ကြီး ကျောင်းတိုက်၌ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ရာ၊ နေပြည်တော်ကောင်စီဉက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီးဒေါ်သီတာဇင်နှင့် တရားနာပရိသတ်တို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ပုဗ္ဗသီရိမြို့နယ် အောင်စည်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဝိစက္ခဏ မထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်သံဃာတော် အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။ ထို့နောက် ၂၀၂၄ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် ဩဝါဒါစရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်ကြီးနှင့် စာမေးပွဲကြီးကြပ် ဆရာတော်များနှင့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ပြီး လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းစရိတ်အလှူငွေများကို ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေပြီး "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
သန်းသန်းနွယ်