ချမ်းအေးသာစံ ဧပြီ ၆
မန္တလေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး (၂/၂၀၂၄) အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေး)၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း(မန္တလေးဇုန်)၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း(ပြင်ဦးလွင်ဇုန်)နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ရာတွင် သွားလာ၊ စားသောက်၊ နေထိုင်ရေးတို့မှာ အရေးကြီးပြီး မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိဘဲ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးကို ချိတ်ဆက်ဖန်တီး ပေးနိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ လုပ်ငန်းကျွမ်းကျင်မှုနှင့် ဘာသာစကား ကျွမ်းကျင်မှုတို့ကို ပိုင်နိုင်စွာတတ်မြောက်ထားရန် လိုအပ်ပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများ အဆင်ပြေချောမွေ့စွာ သွားလာလည်ပတ်နိုင်ရေး အားလုံးဝိုင်းဝန်းကြပ်မတ် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဒုတိယဥက္ကဋ္ဌ ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက ခရီးသွားဖွံ့ဖြိုးရေးဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မန္တလေးတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မျိုးလတ်က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ သက်တမ်းတိုးခွင့်ပြုပေးပြီးဖြစ်သည့် ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်များ၊ အမည်ပြောင်း၊ အသစ်လျှောက်ထားလာသည့် လုပ်ငန်းလိုင်စင်များ၊ ခရီးသွားဧည့်သည်ဝင်ရောက်မှုအခြေအနေ၊ ခရီးသွားလုပ်ငန်း မြှင့်တင်ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ပတ်သက်လည်းကောင်း ရှင်းလင်းတင်ပြသည်။
၎င်းနောက် တက်ရောက်လာကြသူများက ဟိုတယ်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခြေအနေများ၊ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးအကြံပြုတင်ပြကြရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြ ဆွေးနွေးအကြံပြုချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ချမ်းအေးသာစံ (ပြန်/ဆက်)