ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)တွင် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း၊ အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ဧပြီ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)၊ (၂၀၂၃-၂၀၂၄) ပညာသင်နှစ်၊ နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း ဖွင့်လှစ်သင်ကြားခဲ့သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း၊ အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် အဆိုပါကျောင်း ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ကျောင်းအုပ်ကြီးက သင်တန်းဆင်းအမှာ စကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေးက သင်တန်း ဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမဆုရရှိသော ကျောင်းသား၊ ကျောင်းသူ (၅) ဦးအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။ ထို့နောက် ကျောင်းအုပ်ကြီးက သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးအား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။အဆိုပါ အခမ်းအနားသို့ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့မှ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

စည်သူမောင်မောင်(ပြန်/ဆက်)