မြစ်ကြီးနား ဧပြီ ၅
ကချင်ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု ပိုမိုတိုးတက်မြင့် မားလာစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဧပြီ ၅ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အတွင်း ပီလောပီနံတိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပီလောပီနံသီးနှံသည် စက်မှုကုန်ကြမ်းသီးနှံတစ်ခုဖြစ်ပါကြောင်း၊ ဘက်စုံအသုံးပြုနိုင်ပြီး မိမိတို့နိုင်ငံအတွင်း ဒေသမရွေးစိုက်ပျိုးနိုင်သော သီးနှံတစ်ခုဖြစ်ပါကြောင်း၊ စိုက်ပျိုးသည့်အခါတွင်လည်း သွင်းအားစုလိုအပ်ချက်နည်းပါပြီး အမြတ်အစွန်းများစွာရရှိပြီး နိုင်ငံရပ်ခြားသို့ တင်ပို့နိုင်သောသီးနှံလည်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်အတွင်း ပီလောပီနံတိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူအသိပညာပေး စည်းရုံးရေး၊ မျိုးကောင်း မျိုးသန့်နှင့် နည်းပညာဖြန့်ဝေနိုင်ရေး စသည့်သွင်းအားစုများ ပံ့ပိုးကူညီပေးနိုင်ရေးယနေ့ တက်ရောက်လာသူများအနေဖြင့် စနစ်တကျ စီမံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာ ကြားသည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က ပြည်နယ်အတွင်း နှစ်အလိုက် စီးပွားဖြစ်နှင့် နေအိမ်ခြံဝင်းများအတွင်း ပီလောပီနံစိုက်ပျိုးခဲ့မှုအခြေအနေများ၊ ပီလောပီနံသီးနှံစိုက်ပျိုးရာတွင် လိုက်နာဆောင်ရွက်ရမည့် စိုက်ပျိုးနည်းစနစ်များ၊ စက်မှုကုန်ကြမ်းအဖြစ် အသုံးပြုထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်းများ၊ စိုက်ပျိုးထုတ်လုပ်ရာတွင် အရင်းအနှီးကုန်ကျစရိတ်၊ ဈေးကွက်နှင့် တောင်သူအကျိုးဖြစ်ထွန်းနိုင်မှု အခြေအနေများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များက ပီလောပီနံ စိုက်ပျိုးမှုနှင့်စပ်လျဉ်း၍ သိလိုသည်များ၊ ဈေးကွက်ရရှိမှုနှင့် ကုန်ချောထုတ်လုပ်နိုင်ရေးအတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ပီလောပီနံစိုက်ပျိုးမှု တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဈေးကွက်ရရှိအောင် ပေါင်းစပ်ဆောင်ရွက်ပေးရေး၊ စက်မှုကုန်ချောအဖြစ် ထုတ်လုပ်နိုင်ရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက်(၇)နာရီခွဲက မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပ ရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို သခင်နက်ဖေလမ်းတစ်လျှောက် ဆမားလမ်းဆုံနေရာမှ စီတာပူတံတားအထိ စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/ အမှုထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များနှင့်အတူ လမ်းဘေးဝဲ/ ယာများရှိ အမှိုက်များကောက်ယူခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အပင်ကြီးများ အလင်းဖွင့်ခြင်း လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းရှိ မြန်မာနိုင်ငံကူးလက် မှတ်ထုတ်ပေးရေးရုံးခွဲ(မြစ်ကြီးနား)သို့ သွားရောက်ပြီး ရုံးခွဲဝင်းအတွင်း နိုင်ငံကူးလက်မှတ်လာရောက် လျှောက်ထားသူများ၊ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ပြီး နိုင်ငံကူးလက်မှတ်အတွက် ဌာနဆိုင်ရာများ၏ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေးနေမှုအခြေ အနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများ နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားရာတွင် လည်းကောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများအတွက် စောင့်ဆိုင်းရာတွင် လည်းကောင်း သက်တောင့်သက်သာစွာ စောင့်ဆိုင်းနိုင်ရေးအတွက် တန်းလျားထိုင်ခုံများ ထပ်မံဝယ်ယူဖြည့်ဆည်းပေးနိုင်ရေး၊ ဈေးဆိုင်ငယ်များတွင် ထိုင်ခုံများ စနစ်တကျသန့်ရှင်းစွာ ရောင်းချနိုင်ရေး၊ သန့်ရှင်းရေးအတွက် ရေအိမ်တည်ဆောက်ပေးနိုင်ရေးနှင့် လိုအပ်သည်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ သာသနာ့ဗိမ္မာန်တော်ကြီး၌ စာဖြေဌာနဖွင့်လှစ်၍ သြဝါဒါစရိယဆရာတော်ကြီးများ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများကို ကျင်းပပြုလုပ်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီး များ၊ ဌာနဆိုင်ရာဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သွားရောက်ခဲ့ကြပြီး ကြီးကြပ်ရေးအဖွဲ့ဝင် သြဝါဒါ စရိယဆရာတော်ကြီးများအား ဖူးမျှော်ကြည်ညိုကာ စာမေးပွဲဆိုင်ရာများကို မေးမြန်းလျှောက်ထားခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က အလှူငွေကျပ် (၁၃၆)သိန်းနှင့် ရေသန့်၊ အချိုရည်များကို ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါ သာသနာဗိမ္မာန်တော်ကြီး အတွင်း ဓမ္မာစရိယတန်း စာမေးပွဲဖြေဆိုနေသော သံဃာတော်များ၊ ပါဠိပထမပြန်စာမေးပွဲများဖြစ် သည့် ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်းနှင့် အခြေပြုမူလတန်း စာမေးပွဲများ ဖြေဆို နေကြသော သံဃာတော်များ၊ သီလရှင်များအား လှည့်လည်ကြည်ညိုခဲ့ကြသည်။
အဆိုပါ ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယတန်းနှင့် ပါဠိပထမပြန်စာမေးပွဲများကို ပြည်နယ်အတွင်း သြဝါဒါစရိယဆရာတော်ကြီးများ၏ ကြီးကြပ်မှုဖြင့် ဓမ္မာစရိယတန်းစာမေးပွဲကို မြစ်ကြီးနားနှင့် ဗန်းမော်မြို့တို့တွင်လည်းကောင်း၊ ပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူလတန်း)စာမေးပွဲများကို မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း၊ ဖားကန့်၊ ဗန်းမော်၊ ရွှေကူမြို့များတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)