ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဗဟိုမဏ္ဍပ်အပါအဝင် ရေကစားမဏ္ဍပ်များ တည်ဆောက်

မြစ်ကြီးနား ဧပြီ ၆

မြန်မာ့ရိုးရာအစဉ်အလာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာ သင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စီမံဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၁ နာရီခွဲက ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ မဟာသင်္ကြန်ပွဲတော်အတွက် ဆွမ်ပရာဘွမ်လမ်းနှင့် ကျောက်စိမ်းလမ်းတို့တွင် ဗဟိုမဏ္ဍပ်အပါအဝင် ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်(၅)ခုဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဆွမ်ပရာဘွမ် လမ်းမပေါ်ရှိ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းရှေ့ မျက်နှာစာတွင် ၁၇၀ ပေ × ၆၅ ပေရှိ ဗဟိုမဏ္ဍပ်ကို တည်ဆောက်လျက်ရှိပြီး ဆွမ်ပရာဘွမ်လမ်းတွင် မီးရထားသံလမ်းဆုံ နေရာမှ ကျောက် စိမ်းလမ်းအထိ လမ်းလျှောက်သင်္ကြန်ပွဲတော်အတွက် လမ်းဘေးဝဲ/ယာနှင့် လမ်းလယ်တို့တွင် ရေပန်းများ တပ်ဆင်ထားရှိမှု၊ အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်းရှေ့ မျက်နှာစတစ်လျှောက် စတုဒီသာမဏ္ဍပ်များ၊ နံ့သာမဏ္ဍပ်၊ လောင်းလှေများ ထားရှိဆောင်ရွက်သွားမည့် အစီအစဉ်များကို ပြည်နယ်ဝန်ကြီးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုး၊ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။

ထို့အပြင် ရေရရှိရေးအတွက် အ.ထ.က(၁)ကျောင်းဝင်းအတွင်းနှင့် အ.ထ.က(၈)ကျောင်းဝင်း အတွင်းတို့တွင် အဝိစိရေတွင်းများ တူးဖော်ထားရှိပြီး ဂါလံ (၂၅၀၀၀)ဆံ့ ယာယီရေလှောင်ကန် (၅) ကန် ဆောင်ရွက်ထားရှိပြီး နေ့စဉ် ရေဂါလံ (၁၂၅၀၀၀)ဂါလံ သုံးစွဲနိုင်ရေး ရေပိုက်လိုင်းများ သွယ်တန်းထားရှိမှုအခြေအနေများ၊ ယာယီရေလှောင်ကန်များ တည်ဆောက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးသည် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပရေးအတွက် ကျောက်စိမ်းလမ်းပေါ်တွင် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ၏ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် (၅)ခုကိုတည်ဆောက်လျက်ရှိပြီး မဏ္ဍပ်များရေရှိရေးအတွက် ဆောင်ရွက်ထားသည့် အစီအစဉ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ဆပ်ကော်မတီများနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရေးမှာကြားခဲ့သည်။

ကချင်ပြည်နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဧပြီ (၁၃)ရက် အကြိုနေ့တွင် ဗဟိုမဏ္ဍပ်၌ ဖွင့်ပွဲအခမ်းအနား ကျင်းပသွားမည်ဖြစ်ပြီး အကျနေ့တွင် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ၊ သင်္ကြန်ကာလ တစ်လျှောက်လုံး ဌာနဆိုင်ရာများက စတုဒီသာမဏ္ဍပ်များတွင် အလှည့်ကျ တစ်ရက်လျှင် နံနက်နှင့်ညနေ (၂)ကြိမ် ကျွေးမွေးသွားမည်ဖြစ်ကြောင်းနှင့် ညပိုင်းတွင်လည်းဗဟိုမဏ္ဍပ်၌ ဌာနဆိုင်ရာယိမ်းအဖွဲ့များက ယိမ်းပြိုင်ပွဲကျင်းပပြုလုပ်၍ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)