ခရမ်း ဧပြီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီ Seeder (တိုက်ရိုက်မျိုးစေ့ချကိရိယာ)ဖြင့် စိုက်ပျိုးခြင်း နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ခရမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗြဟ္မစိုရ်ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲက ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါး စိုက်ပျိုးရာတွင် ပဲခူး-ခရမ်း-သန်လျင် ကားလမ်းဘေးတစ်လျှောက် လယ်ယာမြေများတွင် Seeder (တိုက်ရိုက်မျိုးစေ့ချ) ကိရိယာဖြင့် မိုးစပါးများ စိုက်ပျိုးရေးအတွက်နိုင်ငံတော်မှ ပံ့ပိုးမည့်အစီအစဉ်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီပံ့ပိုးမည့် အစီအမံများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးဌေးမာင်က Seeder (တိုက်ရိုက်မျိုးစေ့ချ)ကိရိယာဖြင့် မိုးစပါးစိုက်ပျိုးနည်းများအား ပရိုဂျက်တာ ဖြင့်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါနည်းပညာပေးဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲနှင့် ဌာနဆိုင်ရာများ၊ ပဲခူး-ခရမ်း-သန်လျင် ကားလမ်းဘေးရှိလယ်ယာမြေ ပိုင်ရှင်များတက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို မေမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးတို့က ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ကိုမင်း (ခရမ်း)