ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနာတွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ကျောက်ဆည် ဧပြီ ၅

ကျောင်းသား/ကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးစွာရှိစွာအသုံးချတတ်စေရန်နှင့် အသိပညာဗဟုသုတများ ပြည့်စုံစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၁၁)နာရီက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကလေးအလုပ်သမားဆိုသည်မှာ ကလေးဘဝရှေ့အလားအလာနှင့် ဂုဏ်သိက္ခာတို့ကို ကင်းမဲ့စေပြီး ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာသည့်အလုပ်မျိုးတွင် လုပ်ကိုင်နေရသူများကို ဆိုလိုကြောင်း၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကလေးများ၏စိတ်ပိုင်းဆိုင်ရာ၊ စာရိတ္တပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေသည့်အလုပ်မျိုးနှင့် ပညာသင်ကြားရေးကို ထိခိုက်နစ်နာစေသည့်အလုပ်မျိုး၊ ကျောင်းတက်ရန် အခွင့်အလမ်းရွေးချယ်နိုင်မှုမရှိခြင်း အချိန်မတိုင်မီကျောင်းမှထွက်ရခြင်း၊ ကျောင်းတက်ခြင်းနှင့်အတူ ပြင်းထန်လေးလံသောအလုပ်များကို အချိန်လွန်ကဲကြာမြင့်စွာ လုပ်ကိုင်နေရသူများသည် ကလေးအလုပ်သမားများဖြစ်ရသည့်အကြောင်းအရင်းများ၊ ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက်တာဝန်များကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ခင်ကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)