ပုဗ္ဗသီရိ နိုဝင်ဘာ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံအလိုက်အသုံးပြုရန် မဲရုံသုံးပစ္စည်းများ၊ ဆန္ဒမဲလက်မှတ်များ၊ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့်သူများနှင့် မဲဆန္ဒရှင်ပြည်သူများအားဖြန့်ဝေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေပေးရာတွင် မြို့နယ်အတွင်းရှိမဲရုံ(၇၉)ရုံအတွက် ဆန္ဒမဲလက်မှတ်များ၊ မဲရုံသုံး ပစ္စည်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် KN-95၊ Face Shield၊ Surgical Gown၊ Medical Cap၊ PPE Level-3 ဝတ်စုံ ၊ Protective Face Mask၊ Goggles၊ Boots Cover စသည့် ပစ္စည်းများနှင့် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ၊ ပိုစတာများကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစန်းလွင်နှင့် တာဝန်ရှိသူတို့က ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများအလိုက် စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်တွင် ရပ်ကွက်(၁၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၈)အုပ်စုမှ အသက်(၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင်စုစုပေါင်း (၉၇၇၈၇)ဦးရှိပြီး မဲရုံပေါင်း(၇၉)ရုံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ကံချွန်(ပြန်/ဆက်)