မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၁၃၈၅ ခုနှစ်၊ မွန်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မော်လမြိုင် ဧပြီ ၅

၁၃၈၅ ခုနှစ်၊ မွန်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ၁၃၈၅ ခုနှစ် မွန်ပြည်နယ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာ သင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ်က ယခုနှစ်ကျင်းပမည့် မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာပြီးမြောက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီ(၁၄)ရပ်ကိုလည်း ဖွဲ့စည်းတာဝန်ပေး အပ်ထားပြီးဖြစ်ပါကြောင်း၊ မဟာသင်္ကြန်ပွဲတော်ကြီး အောင်မြင်စွာပြီးမြောက်စေရေး၊ လုံခြုံရေးစနစ်တကျရှိစေရေးနှင့် မဏ္ဍပ်များအားလုံးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်နိုင်ရေးတို့ကို အထူးအလေးထားဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဖျော်ဖြေရေးအကမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များ၊  စတုဒိသာမဏ္ဍပ်များဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို အများပြည်သူများ ပျော်ရွှင်စွာနှင့် စိတ်အေးချမ်းသာစွာဖြင့် ဆင်နွှဲနိုင်ရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် မော်လမြိုင်မြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်း၊ ဆန်တော်၊ ဆီ၊ ဆား လှူဒါန်းနိုင်ရေးနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့နိုင်ရေး စီမံဆောင်ရွက်ထားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မဟာသင်္ကြန်ပွဲတော်ဝန်ကြီးဌာနများအလိုက် မဏ္ဍပ်များဆောင်ရွက်ထားရှိမှုအခြေအနေနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာ သင်္ကြန်ပွဲတော်ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာကြသည့် လုပ်ငန်းရှင်များ အဖွဲ့အစည်းများနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများမှ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ၁၃၈၅ ခုနှစ်၊ မွန်ပြည်နယ်မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)