မဟာသင်္ကြန်ကာလအတွင်း ယာဉ်လိုင်းများပြေးဆွဲပေးမည့် အခြေအနေများနှင့်စပ်လျဉ်း၍ အသိပေးရှင်းလင်းပွဲ ကျင်းပ

တာမွေ ဧပြီ ၅

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားပြည်သူများအနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကာလအတွင်း မြို့တွင်းခရီးသွားလာရာတွင်လည်းကောင်း၊ ရန်ကုန်မြို့မှ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့များသို့ နယ်ဝေးခရီးသွားလာရာတွင်လည်းကောင်း ဘေးကင်းလုံခြုံပြီး အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် YBS ယာဉ်လိုင်းများနှင့် အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲပေးမည့်အခြေအနေများနှင့်စပ်လျဉ်း၍ အသိပေးရှင်းလင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသော မီဒီယာများက မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကာလအတွင်း YBS ယာဉ်လိုင်းများနှင့် အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲပေးမည့်အခြေအနေများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ‌YBS ယာဉ်လိုင်းများတွင် ယာဉ်စည်းကမ်းဖောက်ဖျက်သည့် YBS ခရီးသည် တင်ယာဉ်များအား ပြစ်မှု၊ ပြစ်ဒဏ်ချမှတ် အရေးယူဆောင်ရွက်နေသည့် အခြေအနေများ၊ ‌YBS ယာဉ်လိုင်းများတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှုများ၊ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ‌YBS ယာဉ်လိုင်းများတွင် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ အသီးသီးမေးမြန်းခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)မှ တာဝန်ရှိသူများက အသီးသီး ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကာလအတွင်း ယာဉ်လိုင်းများပြေးဆွဲပေးမည့် အခြေအနေများနှင့်စပ်လျဉ်း၍ အသိပေးရှင်းလင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)