ပြည်နယ်အဆင့် ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေး မွန်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင် တက်ရောက်

မော်လမြိုင်    ဧပြီ   ၅

၂၀၂၄ ခုနှစ် ပြည်နယ်အဆင့် ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်သည်။

ရှေးဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးစောကြည်နိုင်က ကျောင်းသားလူငယ်တစ်ရပ်လုံးတွင် ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝဟန်ပုံစံများ (Healthy Life Style)ကို သိရှိကျင့်သုံးစွဲမြဲစေရန်နှင့် ကျန်းမာရေးအဆင့်အတန်းမြင့်မားတိုးတက် လာစေရန်ရည်ရွယ်ပြီး ကျောင်းကျန်းမာရေး အဆင့်မြှင့်ကျောင်းလုပ်ငန်းစဉ်(၉)ရပ်ဖြစ်တဲ့ ကျောင်းအခြေပြုကျန်းမာရေးအသိ ပညာမြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်း၊ ရောဂါကာကွယ်ရေးလုပ်ငန်း၊ ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများအန္တရာယ်ကင်းဝေးရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုနှင့် ကျောင်းမှပြည်သူတွင်းသို့ မူမှန်လူနေမှုဘဝဟန်များ ရောက်ရှိရေးလုပ်ငန်း၊ သင်တန်းနှင့်သုတေသနလုပ်ငန်းနှင့် ကာယပညာနှင့် အားကစားလုပ်ငန်းများကို အခြေခံပညာကျောင်းတိုင်းမှာရှိတဲ့ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ၎င်းတို့ရဲ့မိဘအုပ်ထိန်းသူများ ကောင်းမွန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ လိုအပ်ချက်များ၊ နည်းပညာများကို ကျောင်းကျန်းမာရေးကော်မတီအဖွဲ့အနေနဲ့ ပံ့ပိုးပေးရမှာဖြစ်ကြောင်း၊ ကျောင်းသား လူငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာအသိပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေး၊ မကူးစက်နိုင်သောရောဂါများ ကြိုတင်ကာကွယ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုများအပါအဝင် ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များကိုပါ စဉ်ဆက်မပြတ်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားနိုင်ရေးနှင့် လာမည့်စာသင်နှစ်တွင် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအတွက် ကျောင်းကျန်းမာရေးကော်မတီဝင်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပံ့ပိုး ဆွေးနွေးပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးက ကျောင်းအခြေပြု ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ပညာရေးမှူးက အခြေခံပညာကျောင်းများတွင် ဆောင်ရွက်လျက်ရှိသော ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသော ပြည်နယ်အဆင့် ကျောင်းကျန်းမာရေးကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြ​ပြီး ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်ပေကာ နံဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)