သထုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်

သထုံ ဧပြီ ၅

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိဌာနအသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်း၊ နံရံကပ်စာစောင်ခင်းကျင်းပြသခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။

မိုဘိုင်းစာကြည့်တိုက် ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သထုံမြို့နယ်အတွင်းရှိ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနရုံးတို့သို့ သွားရောက်၍ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များတို့အား သုတ/ရသစာအုပ်စာစောင်များကို ငှားရမ်းပေးခြင်း၊ ပြန်လည်အပ်နှံသည့် စာအုပ်များသိမ်းဆည်းပေးခြင်း၊ နံရံကပ်စာစောင်များ ခင်းကျင်းပြသ ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

သထုံမြို့နယ်အတွင်း စာဖတ်ရှိန်မြင့်မားရေးအတွက် အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့ စာကြည့်တိုက်သို့ လာရောက်နိုင်ခြင်းမရှိသူများအတွက် မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်းဆောင်ရွက် ပေးခြင်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များက စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ရပ်ကွက်ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများတို့၌ အပတ်စဥ်ပုံမှန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

(ခရိုင်ပြန်/ဆက်)