တနိုင်း နိုဝင်ဘာ ၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး အတွက် တနိုင်းမြို့နယ်တွင် မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေများကို တာဝန်ရှိသူများက မြို့ပေါ် ရပ်ကွက် (၇) ရပ်ကွက်ရှိမဲရုံများအား ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်အောန်း၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များမှ မြို့ပေါ်ရပ်ကွက်(၇)ရပ်ကွက်ရှိ မဲရုံများပြင်ဆင် ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကာ ပြည်သူများလာရောက်မဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေး၊ လူစုလူဝေးမဖြစ်ပေါ်စေရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ညွှန်ကြားများနှင့်အညီ စီစဉ် ဆောင်ရွက်ပေးရန်နှင့် လိုအပ်ချက်များမရှိစေရေးအတွက် တာဝန်ရှိသူများမှမှာကြားခဲ့ကြောင်း သိရသည်။ တနိုင်းမြို့နယ်တွင် မဲရုံစုစုပေါင်း (၂၃)ရုံရှိပြီး မဲပေးပိုင်ခွင့်ရှိသူပေါင်း (၃၄၃၄၉)ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံမှသိရသည်။
စိုင်းထင်ကျော်(ပြန်/ဆက်)