တာမွေ ဧပြီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ၊ လူငယ်လူရွယ် လေးများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ယာဉ်လမ်းအန္တရာယ် ကင်းရှင်းစွာ သွားလာတတ်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့တို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ယာဉ်ထိန်းတပ်ဖွဲ့စု(၂၅)မှ ဒုရဲမှူးအေးသန်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများနှင့် ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး အသေးစိတ် ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများက တက်ရောက်လာကြသော ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။ ယနေ့ ကမ္ဘာပေါ်တွင် ယာဉ်တိုက်မှုကြောင့် တစ်နှစ်လျှင် လူဦးရေ (၁.၃၅)သန်းကျော် သေဆုံးနေရပြီး တစ်ရက်လျှင် သေဆုံးနှုန်းပျမ်းမျှ (၃၇၀၀)ဦးခန့်ရှိတာကြောင့် တာမွေမြို့နယ်အတွင်း ယာဉ်လမ်းအန္တရာယ် ကင်းဝေးစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)