မြစ်သားမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ ကျင်းပပြုလုပ်

မြစ်သား ဧပြီ ၅

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပါဠိပထမပြန်စာမေးပွဲကို ဧပြီလ(၃)ရက်နေ့မှဧပြီလ (၉)ရက်နေ့အထိ နေ့စဥ်မွန်းတည့်(၁၂)နာရီမှ ညနေ(၃) နာရီအထိ ကျင်းပပြုလုပ်လျက်ရှိရာ ဧပြီ ၃ရက်နေ့ မွန်းလွဲပိုင်း (၁၂)နာရီအချိန်က ရှမ်းပွဲရပ်ကွက် ရွှေမုဋ္ဌောဘုရားပရိဝုဏ်ရှိ နန်းအိမ်သူဓမ္မဗိမ္မာန်အတွင်း ဖြေဆိုခဲ့ကြောင်း သိရသည်။

ပါဠိပထမပြန်စာမေးပွဲကို မြို့နယ်အတွင်းရှိ စာသင်တိုက်များမှ သံဃာတော်များ၊ သီလရှင်များနှင့်လူပဂ္ဂိုလ်များ ဖြေဆိုကြရာ ပထမကြီးတန်းစာရင်းရှိ(၁၂)ပါး၊ ဖြေဆိုသူ(၁၁)ပါး၊ ပျက်ကွက်(၁)ပါးသည် ဒွေမာတိကာဘာသာကိုလည်းကောင်း၊ ပထမလတ်တန်းစာရင်းရှိ(၁၀)ပါး၊ ဖြေဆိုသူ(၉)ပါး၊ ပျက်ကွက်(၁)ပါးသည် ဒွေမာတိဘာသာကိုလည်းကောင်း၊ ပထမငယ်တန်းစာရင်းရှိ(၁၅)ပါး၊ ဖြေဆို(၁၃)ပါး၊ ပျက်ကွက်(၂)ပါးသည် ဘိက္ခုပါတိမောက်ဘာသာကိုလည်းကောင်း၊ အ‌ခြေပြုမူလတန်းစာရင်းရှိ(၇၁)ပါး၊ ဖြေဆိုသူ(၆၁)ပါး၊ ပျက်ကွက်(၁၀)ပါးသည် ဝိနည်းကျင့်ဝတ်/သုကုမာရမဂ္ဂဒီပနီကိုလည်းကောင်း၊ လူပုဂ္ဂိုလ်စာရင်းရှိ(၃)ဦး၊ ဖြေဆိုသူ(၂)ဦး၊ ပျက်ကွက်(၁)ဦး၊ စုစုပေါင်းစာဖြေသံဃာ (၉၄)ပါးနှင့် လူပုဂ္ဂိုလ်(၂)ဦးတို့ ဝင်ရောက်ဖြေဆိုကြသည်။ 

ပါဠိပထမပြန်စာမေးပွဲတွင် စာဖြေသံဃာများနှင့် မြို့နယ်သံဃာ့နာယက အဖွဲ့ဆရာတော်များ၊  စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၏ ကူညီဆောင်ရွက်မှုများဖြင့် အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဝါဝါမြင့်(မြစ်သား)