ထန်းတပင်(ရန်ကုန်)၊ ဧပြီ ၅
စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးရေးစီမံကိန်း၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဧပြီလ(၃)ရက်နေ့က ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းစံပြကျေးရွာ အတွက် စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲကို ရေဖြူကျေးရွာအုပ်စု၊ ကျောင်းစု ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုက ကျေးရွာသစ်စီမံကိန်းတွင်လိုက် နာဆောင်ရွက်ရမည့်အချက်များနှင့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကော်မတီဥက္ကဋ္ဌမှ ကျေးရွာသစ်လှုပ်ရှားမှု လုပ်ငန်းများနှင့် ဆောင်ရွက်သွားမည့်စီမံချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း စံပြကျေးရွာအတွက် စီမံကိန်းရန်ပုံငွေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးမှ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းရရှိခဲ့သည့် ကျောင်းစုကျေးရွာမှ ကျေးရွာကော်မတီထံသို့ စီမံကိန်းရန်ပုံငွေကျပ်သိန်း (၄၂၀) ကို လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)