တန့်ယန်း ဧပြီ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် Smart Village စီမံကိန်း၏ လုပ်ငန်းများနှင့်ပတ်သက်သည့် သုံးသပ်ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်အောင်လွင်က စီမံကိန်းနှင့်ပတ်သက်သည့် ရည်မှန်းချက်များ၊ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခိုင်မင်းထွန်းက Smart Village စီမံကိန်း၏ မတည်ရန်ပုံငွေစီမံကိန်းနှင့် စီမံကိန်း၏ အဓိက ရည်ရွယ်ချက်ဖြစ်သည့် မိသားစုဝင်ငွေတိုးပွားရေး ပိုမိုဆောင်ရွက်နိုင်ရန်၊ အမှန်တကယ် အကျိုးထိရောက်သော လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်နှင့် ပတ်သက်သည်များကို ရှင်းလင်းတင်ပြဆွေးနွေးရာ အခမ်းအနားသို့ တက်ရောက်လာကြသော ကျေးရွာကော်မတီဝင်များမှ လုပ်ငန်းနှင့် ပတ်သက်သည့် အားသာချက်၊ အားနည်းချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)