မလှိုင် ဧပြီ ၅
၁၃၈၅ (၂၀၂၄) ခုနှစ်၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ကို ယနေ့မွန်းတည့်(၁၂)နာရီမှ စတင်၍ မလှိုင်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်း ကျောင်း ၊ ဧရာဝတီခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း စာရင်းရှိ(၂၄)ပါး၊ ဖြေဆို(၁၄)ပါးပျက်ကွက် (၁၀)ပါး၊ ပထမလတ်တန်း စာရင်းရှိ (၂၁)ပါး၊ ဖြေဆို(၁၈)ပါး၊ ပျက်ကွက်(၃)ပါး ၊ ပထမငယ် စာရင်းရှိ (၁၇)ပါး၊ ဖြေဆို(၁၅)ပါး၊ ပျက်ကွက်(၂)ပါး၊ အခြေပြုမူလတန်း စာရင်းရှိ(၂၇)ပါး၊ ဖြေဆို(၂၁)ပါး၊ ပျက်ကွက်(၆)ပါး၊ စုစုပေါင်း စာရင်းရှိ(၈၉)ပါး၊ ဖြေဆို(၆၈)ပါး ၊ ပျက်ကွက်(၂၁)ပါး ဖြစ်၍ ဖြေဆိုမှု ရာခိုင်နှုန်း (၇၆.၄၀)ရာနှုန်းရှိကြောင်း သိရသည်။
စာဖြေသံဃာတော်များနှင့် သီလရှင်များ၊ စာမေးပွဲ ကြီးကြပ်ဆရာတော်များအား အလှူရှင်များက နေ့အလိုက် လေးမျက်နှာ ပရိယတ္တိစာသင်တိုက်၌ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းပြီး မွန်းလွှဲပိုင်းတွင် အအေးများ၊ သစ်သီးဖျော်ရည်များ၊ ရေသန့်များ အလှည့်ကျ ဆက်ကပ်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။ မွန်းလွဲပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက၊ ဆရာတော် သံဃာတော်များအား မန်ကျီးဖျော်ရည်နှင့် ရေသန့်ဘူးများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ပါဠိပထမပြန် စာမေးပွဲကို (၃.၄.၂၀၂၄) ရက်နေ့မှ (၉.၄.၂၀၂၄) ရက်နေ့အထိ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
အောင်ဌေး (မလှိုင်)