မလှိုင် ဧပြီ ၅
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ ပဉ္စမအကြိမ်မြောက် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဇေယျာအောင်သံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့စစ်မှု့ထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ပြည်သူ့စစ်မှု့ထမ်း ဥပဒေပါ အကျုံးဝင်သည့် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက်၊ အသက်အရွယ် အပိုင်းအခြားအလိုက် ပုံစံ(၁)များကို မြေပြင်အခြေအနေမှန် စိစစ်နိုင်ရေးအတွက် ဖြန့်ဝေပေးခဲ့ သည်မှာ တစ်ပတ်ပြည့် မြောက်ပြီဖြစ်ပါကြောင်း၊ မလှိုင်မြို့နယ်မှ ပထမအသုတ် ပြည်သူ့စစ်မှု ထမ်းရန် သက်ဆိုင်ရာတပ်သို့ ပို့ဆောင်ပြီးဖြစ်ပါကြောင်း၊ ဒုတိယအသုတ် တာဝန်ထမ်းဆောင်နိုင်ရေး ပုံစံ(၂)ဖြင့် ဆင့်ခေါ်ပြီး ပုံစံ ၃-က ၊ ပုံစံ ၃-ခ ဖြည့်သွင်းနိုင်ရေးအတွက် အလေးထားလိုက်နာ ဆောင်ရွက်သွားရန်၊ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်၊ ယခုအချိန်တွင် အခက်အခဲရှိသော်လည်း၊ မိမိတို့၏ စိတ်ပါဝင်စားမှု စွမ်းဆောင်ရည်ပြည့်ဝမှုမှတဆင့် လွယ်ကူချောမွေ့သော လုပ်ငန်းစဉ်ဖြစ်အောင် ကြိုးစား သွားကြရန် ပြောကြားခဲ့သည်။ ဆက်လက်၍ မြေပြင်တွင် စိစစ်ရန်အတွက် ကင်းလွတ်ခွင့်၊ လျော့ပေါ့ခွင့်၊ ရွေ့ဆိုင်းခွင့် အကျုံးဝင်သူများကို ရှင်းလင်းပြောကြားပြီး ပုံစံ ၃-က ၊ ပုံစံ ၃-ခ ဖြည့်သွင်းသွားရန် ပါဝါပွိုင့်ဖြင့် အသေးစိတ်ချပြ ရှင်းလင်းခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှူးဝေဖြိုးက ပြည်သူ့စစ်မှုထမ်း ဥပဒေအကောင်အထည်ဖော်ရာတွင် မြေပြင်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများ၊ အခက်အခဲများ ရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မလှိုင်မြို့နယ်အနေဖြင့် စစ်မှုထမ်းရန် အကျုံးဝင်သူများ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် အလေးထား ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
အဆိုပါ အသိပေးရှင်းလင်းပွဲ အခမ်းအနားသို့ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်စာရေး ဝန်ထမ်း (၁၁၂) ဦး၊ မြို့နယ်ရုံးအဖွဲ့ (၁၀) ဦး ၊ စုစုပေါင်း (၁၂၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဌေး (မလှိုင်)