မိုင်းဆတ်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အင်္ဂလိပ်စာအခြေခံသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

မိုင်းဆတ် ဧပြီ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် Youth Club အဖွဲ့တို့ပူးပေါင်း၍ အင်္ဂလိပ်စာအခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးလင်းထင်ကျော်က ရက်သတ္တပတ် (၁၇)ရက်ကြာ သင်ကြားဖွင့်လှစ်ခဲ့သည့် အင်္ဂလိပ်စာအခြေခံသင်တန်းသည် ကျောင်းသား၊ ကျောင်းသူများအတွက် များစွာအကျိုးရှိကြောင်း၊ နည်းပြဆရာမသင်ကြားပေးခဲ့သည့် သင်ခန်းစာများကို ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စဉ်ဆက်မပြတ်လေ့လာကြရန်လိုကြောင်း အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာမ ဒေါ်အေးအေးခိုင်က အင်္ဂလိပ်စာအခြေခံသင်တန်းတွင် သင်ခန်းစာသင်ကြားပို့ချခြင်း အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးလင်းထင်ကျော်၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခိုင်သဲစုပိုင်နှင့် သင်တန်းနည်းပြဆရာမ ဒေါ်အေးအေးခိုင်တို့က အင်္ဂလိပ်စာအခြေခံသင်တန်း၊ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုနှင့် သင်တန်းဆင်းလက်မှတ်များချီးမြှင့်ပေးအပ်ရာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးလင်းထင်ကျော်က သင်တန်းနည်းပြဆရာမ ဒေါ်အေးအေးခိုင်အား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အင်္ဂလိပ်စာအခြေခံသင်တန်းကို နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အင်္ဂလိပ်စာနှင့်ပတ်သက်၍ အခြေခံကျကျကျွမ်းကျင်ပိုင်နိုင်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများပိုမိုထက်မြတ်လာစေရန်၊ တစ်ဦးနှင့်တစ်ဦးချစ်ခင်ရင်းနှီးမှုရရှိစေရန် ရည်ရွယ်၍ မတ်လ(၂၀)ရက်နေ့မှ ဧပြီလ(၅)ရက်နေ့အထိ မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ရက်သတ္တပတ် (၁၇)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)