မိုင်းပျဉ်းမြို့တွင် (၁၁)ကြိမ်မြောက် ဗုဒ္ဓဘာသာကူးပြောင်းပွဲနှင့် ရှင်အပါး (၁၀၀)ကျော် ရှင်ပြုအလှူလှည့်လည်ပွဲ ကျင်းပ

မိုင်းပျဉ်း ဧပြီ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ (၁၁)ကြိမ်မြောက် ဗုဒ္ဓဘာသာကူးပြောင်းပွဲနှင့် ရှင်အပါး(၁၀၀)ကျော် ရှင်ပြုအလှူလှည့်လည်ပွဲကို ယနေ့နံနက် ၁၀ နာရီက ထေရဝါဒဘုန်းတော်ကြီးကျောင်းမှ မိုင်းပျဉ်းမြို့တွင်းသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ကြောင်း သိရှိရသည်။

(၁၁)ကြိမ်မြောက် ဗုဒ္ဓဘာသာကူးပြောင်းပွဲနှင့် ရှင်အပါး(၁၀၀)ကျော် ရှင်ပြုအလှူပွဲကို ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်းမှ ကျောင်းထိုင်ဆရာတော် အရှင်သီရိဓမ္မ ဦးဆောင်၍ ဦးမောင်မောင်နိုင်(မဏိရွှေစင်ကျောက်မျက်ရတနာရောင်းဝယ်ရေး)မိသားစုနှင့် စေတနာရှင် (၇)ရက် သား/သမီးများ စုပေါင်းကာ မိုင်းပျဉ်းမြို့နယ် တောင်ပေါ်ဒေသရှိ လားဟူတိုင်းရင်းသား/သူ (၁၀၀)ကျော်တို့က ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ကူးပြောင်းကြမည်ဖြစ်ပြီး ၄င်းတို့၏ ရင်သွေးငယ်များအား ရှင်သာမဏေအဖြစ်သို့ ရှင်ပြုပေးခြင်းကို (၃−၄−၂၀၂၄)ရက်နေ့မှ (၉−၄−၂၀၂၄)ရက်နေ့အထိ ထေရဝါဒကျောင်း၌ (၇)ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ရာ ယနေ့နံနက်ပိုင်းက ရှင်ပြုအလှူလှည့်လည်ပွဲကို ထေရဝါဒဘုန်းကြီးကျောင်းမှ မြို့ပတ်လမ်းနှင့် မြို့တွင်းလမ်းမကြီးအတိုင်း စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ (၁၁)ကြိမ်မြောက် ဗုဒ္ဓဘာသာကူးပြောင်းပွဲနှင့် ရှင်အပါး(၁၀၀)ကျော် ရှင်ပြုအလှူလှည့်လည်ပွဲတွင် ရွှေဆံနွယ်ဆရာတော် ဒေါက်တာ အရှင်ဝါယမာနန္ဒ၊ နိုင်ငံတော်ထေရဝါဒသြဝါဒါစရိယ ပါမောက္ခဆရာတော် ဒေါက်တာဘဒ္ဒန္တအာစိဏ္ဏနှင့် နိုင်ငံတော်ထေရဝါဒသြဝါဒါစရိယ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တန္ဒောဘာသတို့မှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များ ချီးမြှင့်ပေးခြင်း၊ ဇာတ်သဘင်ပွဲများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းနှင့် စျေးရောင်းပွဲတော်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နန်းသန္တာဦး(ပြန်/ဆက်)