အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် အမျိုးသမီးများ ဝင်ငွေတိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မိတ္ထီလာ ဧပြီ ၅

မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းဖြင့် အမျိုးသမီးများ ဝင်ငွေတိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က အိုင်ကြီးလည်ကျေးရွာတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ် ဒေါ်ခင်စန်းတင်က အိုင်ကြီးလည်ကျေးရွာအုပ်စု အိုင်ကြီးလည်ကျေးရွာမှ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံကာ   အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေး စီမံကိန်းဖြင့် အမျိုးသမီးများ ဝင်ငွေတိုးရေးလုပ်ငန်းဖြစ်သည့် စက်ချုပ် (အခြေခံ၊မွမ်မံ)သင်တန်းများ ဖွင်လှစ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းကို နိုင်ငံတော်မှ ငွေကျပ် သိန်း(၁၂၀) အကုန်ကျခံကာ ဆောင်ရွက်သွားမည့် လုပ်ငန်းဖြစ်ပါကြောင်း ၊ အဆိုပါစီမံကိန်းဖြင့် ဖွင့်လှစ်မည့် သင်တန်းတွင် သင်တန်းသား သင်တန်းသူ အနည်းဆုံး ၁၀ ဦးမှ ၁၅ ဦးအထိ တက်ရောက်ခွင့်ရမည့်ဖြစ်ပြီး သင်တန်းတက်ရောက်ပြီးပါက သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် သင်တန်းသား သင်တန်းသူ ၅ ဦးအား ရွေးချယ်၍ လုပ်ငန်းထူထောင်နိုင်ရန်အတွက် တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနှင့် ညီမျှသော လုပ်ငန်းသုံး ပစ္စည်းများအား ပေးအပ်သွားမည်ဖြစ်ပါကြောင်းနှင့် စီမံကိန်းပါ အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ စီမံကိန်းပြီးဆုံချိန်တွင် ကိုယ်ပိုင်လုပ်ငန်းထူထောင်သူ ၅ ဦး ပေါ်ထွက်လာမည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း ရရှိကာ မိသားစုဝင်ငွေ တိုးပွားလာမည်ဖြစ်၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည်ဖြစ်ပါကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)