မြစ်ကြီးနား ဧပြီ ၅
ကျောင်းသားလူငယ်များ၏ နွေရာသီအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်သော လူငယ်များဖြစ်ထွန်းလာစေရေးတို့အတွက် ကချင်ပြည်နယ် ပညာရေးမှူးရုံးက ကြီးမှူးဖွင့်လှစ်သော ၂၀၂၄ ခုနှစ်၊ ဘင်ခရာ၊ အိမ်တွင်းမှု၊ ကင်းထောက်၊ ပန်းချီ၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ၊ ယဉ်ကျေးလိမ္မာ အစရှိသည့်နွေရာသီသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၄ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နွေရာသီသင်တန်းများဖွင့်ပွဲ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့ တက်ရောက်အားပေးခဲ့ကြရာ အခြေခံပညာကျောင်းများမှ ဘင်ခရာအဖွဲ့များက ဘင်ခရာစွမ်းရည်ဖြင့် ပြသကြိုဆိုခဲ့ကြသည်။
ထို့နောက် သင်တန်းများဖွင့်ပွဲ အခမ်းအနားကို အေးမြသီတာခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ကျောင်းသားလူငယ်များသည် နောင်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းတာဝန်ဆောင်ကြမည့်သူများ ဖြစ်လာမည်ဖြစ်သောကြောင့် ယုံကြည်ချက်၊ ခံယူချက်မှန်ကန်ပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် ဘက်စုံထူးချွန်ထက်မြက်သည့် လူငယ်များအဖြစ် ယခုအချိန်မှစတင်ပြီး ပြုစုပျိုးထောင်လေ့ကျင့်ပေးရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုလိုနွေရာသီ ဘက်စုံသင်တန်းများမှအစပြု၍ လူငယ်များ၏အခန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး မိမိတို့ ပြည် နယ်အစိုးရအဖွဲ့နှင့်အတူ ကျောင်းသားလူငယ်များ၊ မိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်း၍ ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ်၊ နွေရာသီသင်တန်းများအတွက် ထောက်ပံ့ ငွေကျပ်သိန်း ၂၀ ကို ပြည်နယ်ပညာရေးမှူးထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ခန်းမအတွင်း နေ့စဉ်နံနက် (၉)နာရီမှ (၁၂)နာရီအထိ နည်းပြ (၃၀)ဦး၊ သင်တန်းသား/ သင်တန်းသူ (၅၀၀)ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားသွားမည့် ကင်းထောက်လူငယ်သင်တန်း၊ အိမ်တွင်းမှုသင်တန်း၊ ပန်းချီနှင့် ပိုစတာသင်တန်း၊ ကွန်ပျူတာပန်းချီသင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်းနှင့် ဘင်ခရာသင်တန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သွားမည့် ၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်ကို နှုတ်ဆက်ပြီး ၁၃၈၆ ခုနှစ်ကို ကြိုဆိုသည့် မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော်ကို အများပြည်သူတို့ လုံခြုံပျော်ရွှင်စွာဖြင့်ပါဝင်ဆင်နွှဲနိုင်ရေး စီစဉ်ဆောင်ရွက်သွားရမည်ဖြစ်သည့်အပြင် နှစ်သစ်ကူးအခမ်း အနားများဖြစ်သည့် သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ အခမ်းအနားများကိုလည်း အောင်မြင်စွာကျင်းပပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဦးစီး ကော်မတီနှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများအနေဖြင့်ယခင်နှစ်များက ဆောင်ရွက်ခဲ့ သော အတွေ့အကြုံများကိုရယူပြီး မိမိတို့၏လုပ်ငန်းတာဝန်များအလိုက် အသေးစိတ်အစီအမံများကို ပွင့်ပွင့်လင်းလင်း ရှင်းလင်းတင်ပြပြီး အချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဆပ်ကော်မတီအလိုက် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူ များက မြစ်ကြီးနားမြို့တွင် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်အပါအဝင် ရေကစားမဏ္ဍပ် (၅)ခု တည်ဆောက် လျက်ရှိသည့် အစီအစဉ်များ၊ သင်္ကြန်ဖွင့်ပွဲ/ ပိတ်ပွဲ၊ လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲများ၊ ယိမ်းအကပြိုင်ပွဲ များနှင့် နှစ်သစ်ကူးအခမ်းအနားများ ပြုလုပ်ကျင်းပသွားမည့် အစီအစဉ်များ၊ လုံခြုံရေးဆိုင်ရာအစီအမံ များနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြမှုများအပေါ် လိုအပ်သည်များကို ကော်မတီများအကြား အချင်းချင်းပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းက မြစ်ကြီးနာမြို့ ပြည်နယ်ဘောလုံး ကွင်းအတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် ပြည်နယ်လက်ရွေးစင် U-25ဘောလုံးအသင်းနှင့် ပြည်နယ်လက်ရွေးစင်ကစား သမားများဖြင့် စုဖွဲ့ထားသည့် ပြည်နယ် Old Star ဘောလုံးအသင်းတို့၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ကို ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ တက်ရောက်အားပေးကြည့်ရှုခဲ့ကြပြီး ဘောလုံး ပြိုင်ပွဲဖျော်ဖြေရေးအစီအစဉ်တွင် ပါဝင်သူများအတွက် ချီးမြှင့်ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)