နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားတက်ရောက်ပြီး နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၅

၂၀၂၄ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် အားကစားရုံ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်‌တော်ကောင်စီဝင်များ၊ နေပြည်‌တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဌာန တာဝန်ရှိသူများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်များ အားကစားလှုပ်ရှားမှုကို အခြေခံမှစ၍ စနစ်တကျနားလည်သင်ယူနိုင်ရေးအတွက် နွေရာသီအခြေခံအားကစားသင်တန်းများကို လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးစေရန်၊ အားကစားနည်းများကို လေ့လာလိုက်စားလာစေရန်၊ အခြေခံကျကျနားလည်ပြီး လူငယ်မျိုးဆက်သစ်အားကစားသမား ပေါ်ထွက်လာစေရန်၊ နိုင်ငံ့ကိုယ်စားပြု အားကစားသမားများပေါ်ထွက်လာစေရေးအတွက် အထောက်အကူပြုစေရန်၊ လူငယ်များကျန်းမာကြံ့ခိုင်မှုရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း၊ မျိုးဆက်သစ်လူငယ်များကို ဗလငါးတန်နှင့် ဟန်ချက်ညီစွာ ဖွံ့ဖြိုးလာစေရန်အတွက် အားကစားဟာမရှိမဖြစ်လိုအပ်သည့် အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ လူငယ်လူရွယ်များ ကျန်းမာသန်စွမ်းပြီး ကိုယ်ကာယကြံ့ခိုင်စေရန် အားကစားလှုပ်ရှားမှုများမှာ ပါဝင်ကြရမှာဖြစ်ကြောင်း၊ အားကစားသည် ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးပြီး ပိုမို ကြံ့ခိုင်အောင် လေ့ကျင့်ပေးသည့် အစိတ်အပိုင်းလည်းဖြစ်ကြောင်း၊  သင်တန်းတက်ရောက်သည့်အတွက် အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့်အတူ တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်တတ်မှု ညီညွှတ်မှုများသည် အားကစား၏ အကျိုးကျေးဇူးများဖြစ်ကြောင်း၊ အားကစားသင်တန်းများကို တက်ရောက်ကြသည့် ကျောင်းသားကျောင်းသူများအားလုံး အားကစားနည်းအလိုက် အခြေခံကောင်းများကို ကြိုးစားလေ့ကျင့်ကြရန်နှင့် ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများဖြစ်လာအောင် ဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့် စွမ်းစွမ်းတမံကြိုးစားကြစေလိုကြောင်းပြောကြားသည်။

ထို့နောက် သင်တန်းသား သင်တန်းသူများက အားကစားအဓိဋ္ဌာန်များကို ရွတ်ဆိုကြပြီး အားကစားသရုပ်ပြအဖွဲ့များက သက်ဆိုင်ရာအားကစားနည်းများအလိုက် သရုပ်ပြဖျော်ဖြေကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အားကစားသရုပ်ပြအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် မြို့နယ်ရှစ်မြို့နယ်အတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ သရုပ်ပြအဖွဲ့များနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ၂၀၂၄ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများကို မြို့နယ် ရှစ်မြို့နယ်တွင် အားကစားနည်း ၁၆ နည်းအား သင်တန်းသား သင်တန်းသူ ၃၀၆၅ ဦးတို့ကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ကျားသေအိုင်ကျေးရွာအုပ်စု ကွင်းအမှတ် ၁၄၀၈ တွင် ဆိုလာရေတင်စနစ်နှင့် လယ်ယာသုံးစက်ပစ္စည်း ကိရိယာများ ဈေးကွက်မိတ်ဆက်ခြင်း အခမ်းအနားသို့တက်ရောက်သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ  ဆောင်ရွက်လျက်ရှိ ကြောင်း၊ စိုက်ပျိုးရေးတွင် နွေစပါး၊ မိုးစပါး၊ ဆီထွက်သီးနှံများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိရာ သွင်းအားစုများ အချန်မီထည့်သွင်းနိုင်ရေး၊ ဝယ်ယူကြိတ်ခွဲသူ အစုအဖွဲ့များဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်း တိုးတက်အောင်ရရှိရေးအတွက် မျိုး ၊ မြေ၊ ရေ၊ နည်းများကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တောင်သူများအနေဖြင့် တစ်ဦးချင်းဝင်ငွေ တိုးတက်စေရန်အတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းဆောင်ရွက်ကြစေလိုကြောင်း၊  စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်း (Agro Based Industry)ကို တန်ဖိုးမြှင့်ကုန်ပစ္စည်းအထိ ထုတ်လုပ်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ ဆီထွက်သီးနှံ တိုးမြှင့်ထုတ်လုပ်ရေးနှင့် အထွက်နှုန်း ပိုမိုထွက်ရှိအောင် ပန်းတိုင်ရည်မှန်းချက်များ ထွက်ရှိရေးအတွက် ဝိုင်းဝန်းပူးပေါင်း ကြိုးစား ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက သီးနှံစိုက်စွမ်းအားတိုးမြှင့်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် စိုက်ပျိုးနည်းစနစ်များ၊ လယ်ယာသုံးစက်ကိရိယာများအသုံးပြုခြင်း၊ စိုက်ပျိုးစရိတ်ချေးငွေနှင့် လယ်ယာသုံး စက်ကိရိယာများ ဝယ်ယူနိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ Good Brotherကုမ္ပဏီနှင့် New Life Plastic( NLP) Co.,Ltdတို့မှ တာဝန်ရှိသူများက ဆိုလာရေတင်စနစ်နှင့် လယ်ယာသုံးစက်ပစ္စည်း ကိရိယာများကို မိတ်ဆက်ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသည့် ဆိုလာရေတင်စနစ်နှင့် လယ်ယာသုံးစက်ပစ္စည်းကိရိယာများ၊ မျိုးစေ့များနှင့် သဘာဝမြေဩဇာများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် ဩဝါဒါစရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် စာမေးပွဲကြီးကြပ် ဆရာတော်များအား ဗုဒ္ဓသာသနားပြု ဗိမာန်တော်ကြီးတွင် နေ့ဆွမ်း ဆက်ကပ်ပြီး လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းစရိတ်အလှူငွေများကို ဆက်ကပ်လှူဒါန်းကာ အောင်ဆန်းခန်းမတွင် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုနေကြသည့် သံဃာတော်များနှင့် သီလရှင်များ ဖူးမြော်ကြည်ညိုသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ညောင်လွန့်ကျေးရွာရှိ ဦးသန်းထိုက်၏ နေခြည်ဝင်း ဝါစက်ရုံသို့ ရောက်ရှိပြီး ဒေသမှ ထွက်ရှိသည့် ဝါများကို ကြိတ်ခွဲနေမှုများ၊ ဝါစေ့ထုတ်နေမှုများ၊ ဆန်စက်နှင့် ဆီစက်များကိုလည်းကောင်း၊ အေးချမ်းသာစံပြကျေးရွာတွင် စက်ရက်ကန်းအလုပ်ရုံတွင် ရက်ကန်းစင် လေးစင်၊ ရက်စက်ခုံ တစ်ခုံဖြင့် လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)