ပုဗ္ဗသီရိမြို့နယ်၌ ပါဠိပထမပြန် စာမေးပွဲဖြေဆို

ပုဗ္ဗသီရိ ဧပြီ ၅

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပါဠိပထမပြန်စာမေးပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ဧပြီလ ၃ ရက်နေ့မှ ၉  ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီး ယမန်နေ့တွင် ပုဗ္ဗသီရိမြိုနယ်၊ အေးမြင့်သာယာအုပ်စု၊ ခါးပြတ်ကျေးရွာ၊ အောင်စည်သာဘုန်းတော်ကြီးကျောင်းတိုက်ရှိ သံဃာစာသင်ဆောင် (၃) ဆောင်ရှိ အပေါ်ထပ်၊ အောက်ထပ်များ၌ ဒုတိယနေ့ ရဟန်း၊ သာမဏေနှင့် သီလရှင် စုစုပေါင်း (၃၅၂) ပါး ဝင်ရောက် ဖြေဆိုကြောင်း သိရသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် ကစ္စည်းသဒ္ဒါကြီးဘာသာကို ပထမကြီးတန်းတွင် (၃၀) ပါး၊ ပထမလတ်တန်း (၄၂) ပါး၊ ပထမငယ်တန်း (၉၆) ပါးနှင့် မူလတန်း (၁၈၄) ပါး စုစုပေါင်း (၃၅၂) ပါး ဝင်ရောက်ဖြေဆိုပြီး ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုရာတွင် စာမေးပွဲကြီးကြပ်ရေး ဆရာတော်ကြီးများ၊ စာမေးပွဲကျင်းပရေး ဦးစီးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးစိန်ကြည်၊ မြို့နယ်သာသနာရေးဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး စာမေးပွဲကာလအတွင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင်၊ အလှူရှင်များက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကို အလှည့်ကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)