ပြင်ဦးလွင်မြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့ သံဃသာမဂ္ဂီမဟာသိမ်တော်ကြီး စာစစ်ဌာနတွင်  စတင်ဖြေဆို

ပြင်ဦးလွင် ဧပြီ ၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့ ဝိနည်း ကျင့်ဝတ်/ သုကုမာရမဂ္ဂဒီပနီ၊ ဘိက္ခုပါတိမောက်ဘာသာ/ ဓမ္မပဒ၊ ဒွေမာတိကာ ဘာသာ/ဓမ္မပဒ ဘာသာရပ်ကို ယမန်နေ့နေ့လယ် ၁၂ နာရီက စတင်၍ သံဃသာမဂ္ဂီမဟာသိမ်တော်ကြီး စာစစ်ဌာနတွင် စတင်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း ရှင်ရဟန်း(၄၄)ပါး၊ သာမဏေ (၂၀)ပါး၊ သီလရှင်နှင့် လူပုဂ္ဂိုလ် (၅) ဦး၊  ပထမလတ်တန်း ရှင်ရဟန်း (၂၄)ပါး သာမဏေ (၄၇)ပါး၊ သီလရှင် နှင့် လူပုဂ္ဂိုလ် (၁၄) ဦး၊ ၊ ပထမငယ်တန်း ရှင်ရဟန်း ( ၂၆)ပါး၊ သာမဏေ (၁၅၁)ပါး၊ သီလရှင်နှင့် လူပုဂ္ဂိုလ် (၁၉) ဦး၊ အခြေပြုမူလတန်း ရှင်(၂၉)ပါး ၊ သာမဏေ (၃၆၃)ပါး၊ သီလရှင်နှင့် လူပုဂ္ဂိုလ် (၃၄) ဦး စုစုပေါင်း စာရင်းရှိ(၇၇၆)ပါး ဖြစ်ကြောင်းသိရသည်။

ပါဠိပထမပြန်စာမေးပွဲ ကျင်းပရာသို့ မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၊ သြဝါဒစရိယ ဆရာတော်များ၊ မြို့နယ်စာမေးပွဲကြီးကြပ်ရေး ဆရာတော်များနှင့်အဖွဲ့ဝင်များမှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြပြီး စာဖြေသံဃာတော်များ အဆင်ပြေချောမွေ့စွာဆိုနိုင်ရေးအတွက်  ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် စေတနာ့ ဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲအား ဧပြီလ (၃)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)