မန္တလေး ဧပြီ ၄
၂ဝ၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်၊ (၂၇) ကြိမ်မြောက် ပန်းချီ၊ ကာတွန်း ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၃ ရက်နေ့၊ ညနေ ၄ နာရီက မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး က အဖွင့်အမှာ စကားပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး၊ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်၊ တားဆီးကာကွယ်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ အမှတ်(၁)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးအုန်းခိုင်၊ ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများက လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးညှိနှိုင်းကြသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ဒုတိယတိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေးနှင့် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ဆပ်ကော်မတီအသီးသီးမှဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA)၊ အမျိုးသမီးရေးရာအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဆိုပါပြိုင်ပွဲများကို ၂၀၂၄ ခုနှစ် မေလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ပန်းချီပြိုင်ပွဲ၊ မွန်းလွဲပိုင်တွင် ပိုစကာပြိုင်ပွဲကိုလည်းကောင်း၊ မေလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ကွန်ပြူတာပန်ချီပြိုင်ပွဲနှင့် ကာတွန်းပြိုင်ပွဲတို့ကိုလည်းကောင်း အသီးသီးကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပါဝင်ယှဉ်ပြိုင်လိုကြသော ကျောင်းသား၊ ကျောင်းသူများ၊ ပညာရှင်၊ ဝါသနာရှင်များ၊ ပြည်သူများအနေဖြင့် မြို့နယ်ပညာရေးမှူးရုံးများတွင် စာရင်းပေးသွင်း၍ ပါဝင်ယှဉ်ပြိုင်နိုင်ကြကြောင်း သတင်းရရှိသည်။
မြင့်မော်ထွန်း(အောင်-စံ၊ပြန်/ဆက်)