လွယ်ဂျယ်မြို့၌ မဲရုံတာဝန်ကျဝန်ထမ်းများ ဆန္ဒမဲပေးခြင်း လက်တွေ့သရုပ်ပြ ဆောင်ရွက်

ဗန်းမော် နိုဝင်ဘာ ၆

ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနေ့၌ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေ ချောမွေ့စွာ ဆန္ဒမဲ ပေးနိုင်ရေး၊ အမှားအယွင်းမရှိစေရန်နှင့် အချိန်လေလွင့်မှုမရှိစေရန် ရည်ရွယ်၍ မဲရုံတာဝန်ကျသည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် တာဝန်ကျဝန်ထမ်းများ လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့နံနက် ၉ နာရီမှ စ၍ သက်ဆိုင်ရာ မဲရုံအသီးသီး၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မြို့အုပ်ချုပ်ရေးမှူးတို့က မဲပေးရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းပြပြီး ဆန္ဒမဲပေးခြင်းကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ကြသည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများက ဆန္ဒမဲပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လမ်းညွှန်ချက်နှင့်အညီ မဲပေးနိုင်ရေးအတွက် လိုအပ်သည့် အသုံးအဆောင်များထားရှိရန်၊ ကိုယ်အပူချိန် တိုင်းသည့်နေရာ၊ လက်ဆေးစင်၊ အမှိုက်ပုံးများထားရှိရန်နှင့် မဲရုံဧရိယာ သတ်မှတ်ရန်၊ လုံခြုံရေးချ ထားမည့် အခြေအနေတို့ကို စီစဉ်ဆောင်ရွက်ခဲ့ကြသည်။ ယင်းသို့ သရုပ်ပြဆောင်ရွက်ခြင်းကို လွယ်ဂျယ် မြို့ပေါ်ရှိ မဲရုံ (၇)ရုံ၊ ဝိန်းခမ်းကျေးရွာအုပ်စုရှိ မဲရုံ(၁)ရုံတို့၌ အချိန်ကာလ တစ်ခုစီခြားပြီး မဲရုံအသီးသီးတွင် သရုပ်ပြ ဆောင်ရွက်ကြရာ ဌာနဆိုင်ရာနှင့် တာဝန်ရှိသူများတို့က လိုက်လံကြည့်ရှုပြီး လိုအပ်သည့် အစီအမံများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

လွယ်ဂျယ်(ပြန်/ဆက်)