နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး အစိုးရပါဠိပထမပြန်စာမေးပွဲ ဖြေဆိုလျက်ရှိသော သံဃာတော်များအား ဖူးမြော်ကြည်ညို

ဇမ္ဗူသီရိ ဧပြီ ၄

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်၌ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အစိုးရပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ဖြေဆိုနေသည့် စာဖြေသံဃာတော်များအား သွားရောက်၍ ဖူးမြော်ကြည်ညိုခဲ့ပြီး နဝကမ္မဝတ္ထုငွေများလှူဒါန်းခဲ့ကာ စာဖြေသံဃာများ၊ ကြီးကြပ်ဆရာတော်များ လိုအပ်သည်များနှင့် ဝေယျာဝစ္စများအဆင်ပြေမှုရှိစေရေး သက်ဆိုင်ရာဌာနများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။

အဆိုပါ အစိုးရပါဠိပထမပြန် စာမေးပွဲကို ဧပြီလ(၃)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ယနေ့တွင် ပထမကြီးတန်းဖြေဆိုသူ(၁၀)ပါး၊ ပထမလတ်တန်းဖြေဆိုသူ (၈) ပါး၊ ပထမငယ်တန်းဖြေဆိုသူ(၂၆)ပါး၊ လူပုဂ္ဂိုလ်(၁)ဦး၊ အခြေပြုမူလတန်းဖြေဆိုသူ(၂၈)ပါး၊ စုစုပေါင်း(၇၂)ပါးနှင့် လူပုဂ္ဂိုလ်(၁)ဦး ဝင်ရောက်ဖြေဆိုကြပြီး ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုရာတွင် မြို့နယ်သံဃနာယကဆရာတော်ကြီးများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများက ကြီးကြပ်ဆောင်ရွက်ကြကြောင်း သိရှိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)