တနိုင်းမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မူလတန်းအဆင့် စိတ်ကြိုက် ပန်းချီပြိုင်ပွဲကျင်းပ

တနိုင်း ဧပြီ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ဧပြီလ ၃ ရက်နေ့  နံနက် ၁၀ နာရီက စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပန်းချီဆရာ ဦးကောင်းထက်လွင်က ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ ကျင်းပရာ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ (၃၅) ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား ဧပြီလ ၄ ရက်နေ့တွင် ဂုဏ်ပြုဆုလက်ဆောင်များ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန်၊ ပါဝင်ယှဉ်ပြိုင်တတ်သည့် အလေ့အကျင့်ရရှိစေရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရရှိကာ စာဖတ်သည့်အလေ့အကျင့်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

မနောမြေ(တနိုင်း)