စဉ့်ကူးမြို့တွင် သက်ဆိုင်သူအားလုံးပါဝင်သော စီမံကိန်းသုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

စဉ့်ကူး  ‌ဧပြီ    ၄

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့၌ သက်ဆိုင်သူအားလုံးပါဝင်သော စီမံကိန်းသုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် သပိတ်ကျင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုးက စီမံကိန်းအကြောင်း ရှင်းလင်းပြောကြားပြီး စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းက စီမံကိန်းသုံးသပ်ဆွေးနွေးပွဲနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဂုဏ်ပြုဆုရွေးချယ်ရခြင်းအကြောင်းများကို ရှင်းလင်းပြာကြားခဲ့သည်။

ထို့နောက် မြစိမ်းရောင်ဂုဏ်ပြုဆု ပထမဆုရရှိသည့် တောင်ကိုင်းမြောက်ကျေးရွာအား ခရိုင်ဦးစီးမှူး ဦးကျော်စိုးကလည်းကောင်း၊ ဒုတိယရရှိသည့် ဒိုးပင်ကုန်းကျေးရွာအား စီမံကိန်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဖြူဖြူသက်ကလည်းကောင်း၊ တတိယရရှိသည့် ပျဉ်းပင် ကျေးရွာအား မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ခဲ့သည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသော ကျေးရွာ ၂၅ ရွာမှ ကော်မတီဝင် ၅၀ ဦးတို့  အုပ်စုအဖွဲ့  ၅ ဖွဲ့ ဖွဲ့ကာ စီမံကိန်းနှင့်ပတ်သက်၍ တွေ့ကြုံရသော အားနည်းချက်အားသာချက်များကို  တင်ပြဆွေးနွေးခဲ့ကြရာ ဆွေနွေးမှုများအပေါ် သပိတ်ကျင်းခရိုင်ဦးစီးမှူး ဦးကျော်စိုးက ပြန်လည်ရှင်းလင်းဆွေးနွေး ပြောကြားပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ သပိတ်ကျင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှခရိုင်ဦးစီးမှူး ဦးကျော်စိုးနှင့် ခရိုင်ရုံးဝန်ထမ်းများ၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ စီမံကိန်းကျေးရွာ ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)