သာစည် ဧပြီ ၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် ညောင်ပင်သာကျေးရွာအုပ်စု၊ ကျောက်ပုံကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယမန် နေ့က ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဌာနထံမှ သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်ပုံကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ ကျပ် ၅၈ သန်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၈၇ ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၃၀ ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူလေးဦးနှင့် အခြားလုပ်ငန်း လုပ်ကိုင်သူ လေးဦးတို့၏ လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လအလိုက်ဖြည့်သွင်းရမည့် ငွေစာရင်းပုံစံများ ပြည့်စုံမှုရှိ/မရှိတို့ အား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ဝင်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအပေါ် မြို့နယ်ဦးစီးမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)