တာချီလိတ် ဧပြီ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၊ သက်တော် (၉၇)နှစ်၊ ဝါတော် (၇၇)ဝါရှိ နဂါးနှစ်ကောင်ပရိယတ္တိစာသင်တိုက်၏ ဆရာတော်ဘုရားကြီးအား ရည်စူး၍ အန္တိမဈာပန ဓမ္မပူဇာတရားပွဲကို ဧပြီလ ၃ ရက် ည ၇ နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပရာ သီတဂူဆရာတော်ဘုရားကြီး အရှင်ဉာဏိဿရမှ ဓမ္မပူဇာတရား ကြွရောက်ဟောကြားခဲ့သည်။
တရားပွဲကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍ သီတဂူဆရာတော်ဘုရားကြီး အရှင်ဉာဏိဿရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးမှ ဓမ္မဒေသနာတရားတော်များ ဟောကြားချီးမြှင့်ပေးတော်မူခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် နဂါးနှစ်ကောင်ပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန မဟာနာယက နိုင်ငံတော်ဩဝါဒစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ သက်တော် (၉၇)နှစ်၊ ဝါတော် (၇၇)ဝါရှိ ဆရာတော်ဘုရားကြီးအား ရည်စူး၍ လှူဖွယ်ဝတ္ထုပစ္စည်းများကို သီတဂူဆရာတော်ကြီးနှင့် သံဃာတော်အရှင်သူမြတ်တို့အား ဆပ်ကပ်လှူဒါန်းကာ ဘဝနတ်ထံပျံလွန်တော်မူသွားသည့် နဂါးနှစ်ကောင်ဆရာတော်ကြီးနှင့်တကွ (၃၁)ဘုံသားတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
အဆိုပါ ဓမ္မပူဇာတရားပွဲကို ဧပြီလ (၃)ရက်နေ့တွင် သီတဂူဆရာတော် အရှင်ဉာဏိဿရ၊ (၄) ရက်နေ့တွင် ကမ္ဘောဇတိပိဋကဆရာတော် ဘဒ္ဒန္တဝီရိယာနန္ဒ၊ (၅)ရက်နေ့တွင် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရ ဆရာတော်ကြီးများမှ ဓမ္မဒေသနာများ ဟောကြားချီးမြှင့်တော်မူမည်ဖြစ်ပြီး နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး၏ အန္တိမဈာပနသာဓုကီဠနပူဇာသဘင်အခမ်းအနားကို ဧပြီလ (၆)ရက်၊ မွန်းတည့် ၁၂ နာရီအချိန်တွင် နဂါးနှစ်ကောင်ကျောင်းတိုက်မှ ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ပင့်ဆောင်ပူဇော်ခြင်းနှင့် မွန်းလွဲ ၃ နာရီတွင် ဈာပနမဏ္ဍပ်၌ ပံသုကူသင်္ကန်းလှူဒါန်းခြင်း၊ တရားနာရေစက်ချအမျှဝေခြင်း၊ တေဇောဓာတ်ဖြင့် အန္တိမဈာပနပူဇော်ခြင်းများ ဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း(ပြန်/ဆက်)