မလှိုင် ဧပြီ ၄
၁၃၈၅(၂၀၂၄)ခုနှစ်၊ သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသော ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ကို ယမန်နေ့မွန်းတည့်(၁၂)နာရီမှစတင်၍ မလှိုင်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိအခြေခံပညာ အထက်တန်းကျောင်း၊ ဧရာဝတီခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း စာရင်းရှိ(၂၄)ပါး၊ ဖြေဆို(၁၄)ပါး ပျက်ကွက် (၁၀)ပါး၊ ပထမလတ်တန်းစာရင်းရှိ (၂၁)ပါး၊ ဖြေဆို(၁၈)ပါး၊ ပျက်ကွက်(၃)ပါး၊ ပထမငယ် စာရင်းရှိ (၁၇)ပါး၊ ဖြေဆို(၁၅)ပါး၊ ပျက်ကွက်(၂)ပါး၊ အခြေပြုမူလတန်းစာရင်းရှိ(၂၇)ပါး၊ ဖြေဆို(၂၁)ပါး၊ ပျက်ကွက်(၆) ပါး၊ စုစုပေါင်း စာရင်းရှိ(၈၉)ပါး၊ ဖြေဆို(၆၈)ပါး၊ ပျက်ကွက်(၂၁)ပါးဖြစ်၍ ဖြေဆိုမှု ရာခိုင်နှုန်း (၇၆.၄၀)ရာနှုန်းရှိကြောင်း သိရသည်။
စာဖြေသံဃာတော်များနှင့် သီလရှင်များ၊ စာမေးပွဲကြီးကြပ်ဆရာတော်များအား အလှူရှင်များကနေ့အလိုက် လေးမျက်နှာပရိယတ္တိစာသင်တိုက်၌ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းပြီး မွန်းလွှဲပိုင်းတွင် အအေးများ၊ သစ်သီးဖျော်ရည်များ၊ ရေသန့်များအလှည့်ကျ ဆက်ကပ်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။ မွန်းလွဲကပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက၊ ဆရာတော်သံဃာတော်များအား မန်ကျီးဖျော်ရည်နှင့် ရေသန့်ဘူးား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို (၃.၄.၂၀၂၄)ရက်နေ့မှ(၉.၄.၂၀၂၄)ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ဌေး (မလှိုင်)