မိတ္ထီလာ ဧပြီ ၄
မိတ္ထီလာမြို့နယ်တွင် မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းက မြစိမ်းရောင်ကျေးရွာစီမံ ကိန်းနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းသုံးသပ်ဆွေးနွေးပွဲ ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအား အောင်မြင်အောင် စွမ်းစွမ်း တမံ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ ၃ ရွာအားဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ပတ်သက်၍ အားနည်းချက်၊ အားသာချက်များနှင့် အကြံပြုချက်များအား အုပ်စုဖွဲ့ ဆွေးနွေးချက်များအပေါ် မြို့နယ်ဦးစီးမှူးက ဆွေးနွေးချက်များအား ခေါင်းစဉ်အလိုက် ပြန်လည်သုံးသပ်ပြောကြားခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အထိ စီမံကိန်းကျေးရွာ ၅၇ ရွာတွင် ၄၅ ယူနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အသက်မွေး ဝမ်းကျောင်း အထောက်အကူပြုသင်တန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အထိ သင်တန်းဖွင့်လှစ်မှု ၃၀ ကြိမ်ဖြင့် သင်တန်းသား သင်တန်းသူ ၁၀၁၅ ဦးအား ဖွင့်လှစ်ပို့ချနိုင်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)