တာချီလိတ် ဧပြီ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်လျော့ချရေး ရေမှုန်ရေမွှားပက်ဖျန်းခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တာချီလိတ်ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပြည်သူလူထုကျန်းမာရေးအတွက် လေထုအရည်အသွေးတိုင်းတာခြင်းကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂ ရက် နံနက် ၇ နာရီမှ ဧပြီ ၃ ရက် နံနက် ၇ နာရီထိ တိုင်းတာချက်အရ တာချီလိတ်မြို့ဝန်းကျင်၌ လေထုအရည်အသွေး PM 2.5 သည် ခရမ်းရောင်အဆင့် (Very Unhealthy) အဆင့်တွင်ရှိနေသဖြင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်လျော့ချရေး ရေမှုန်ရေမွှားပက်ဖျန်းခြင်းကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးချမ်းမြေ့စိုးနှင့် ခရိုင်မီးသတ်ဦးစီးမှူး ဦးလှမင်းတို့ ဦးဆောင်၍ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် လေယာဉ်ကွင်းလမ်းဆုံမှ ခရိုင်စုပေါင်းရုံးအထိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက် AERIAL LADDER FIRE FIGHTING မီးသတ်ကားကြီးဖြင့် ရေမှုန်ရေမွှားများ ပက်ဖျန်းဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းဇော်(တာချီလိတ်)