သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲ ကျင်းပ

သာစည် ဧပြီ ၄

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကျောင်းသား/သူများ ကျောင်းသင်ခန်းစာတွင် အထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ခဲ့သော အလယ်တန်းအဆင့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က သင်တန်းနည်းပြ ကာတွန်းလူမင်းအောင်အား အမှတ်တရဂုဏ်ပြုလက်ဆောင်ပစ္စည်းပေးအပ်သည်။ ဆက်လက်ပြီး သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးတေဇာမြင့်က သင်တန်းဆင်း အမှာစကားပြောကြားသည်။ ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်ကျော်က ကျောင်းသား/သူများအတွက် ပန်းချီသင်တန်းမှ အထောက်အကူ များစွာရရှိမည်ဖြစ်ကြောင်းနှင့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် သင်တန်းသားနှင့်သင်တန်းသူ ထူးချွန်ဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးစိုးဝင်းအောင်နှင့် ဒုမြို့နယ်ပညာရေးမှူးတို့ကပေးအပ်ပြီး သင်တန်းနည်းပြက ထူးချွန်ဆုရွေးချယ်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ၎င်းနောက် တက်ရောက်လာသူများက သင်တန်းသား/သူများရေးဆွဲထားသော ပန်းချီကားချပ်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

သင်တန်းဆင်းပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သင်းသင်းနှင့် ဝန်ထမ်းများ၊ သင်တန်းသား/သူများနှင့် မိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)