ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ပမ္မတီးကွင်းအတွင်း လယ်သီးထပ်ဆောင်းသီးနှံ စိုက်ပျိုးဆောင်ရွက်ထားရှိမှုနှင့် သီးနှံအထွက်တိုးပွားရေး၊ သီးထပ်စိုက်ဧက ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး

မြစ်ကြီးနား ဧပြီ ၄

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စားရေရိက္ခာဖူလုံရေးနှင့် ပြည်နယ်အတွင်း သီးထပ်စိုက်ပျိုး စွမ်းအားမြင့်မားတိုးချဲ့လာစေရေး တောင်သူများအား ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်၊ ပမ္မတီးကွင်းအတွင်း လယ်သီးထပ်ဆောင်းသီးနှံ ပဲပုပ်စိုက်ခင်းများအား သွားရောက်ကြည့်ရှုူ စစ်ဆေးခဲ့ကြသည်။

ထို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့် အတူ ပမ္မတီးကွင်းအတွင်း ငါးအိုးစိုက်ပျိူးရေးနှင့် အထွေထွေသမဝါယမအသင်း လီမိတက် ၏ တောင်သူဦးချစ်ဆွေ အပါအဝင် တောင်သူ(၁၈)ဦး မိုးစပါးစိုက်ဧက (၄၄ ဒဿမ ၄၅)ဧကအတွင်း လယ်သီးထပ်ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေး ကျွဲ၊ နွားအန္တရာယ်အတွက် ပြည်နယ်အစိုးရအဖွဲ့က ခြံစည်းရိုးကာရံပေးထားမှု၊ စိုက်ခင်းများအတွင်း စိုက်ပျိုးရေရရှိရေး စက်‌ရေတွင်း၊ ဆိုလာရေတွင်းများ တူးဖော်ပေးထားမှု၊ လယ်သီးထပ်အတွက် ပဲပုပ်မျိုးကောင်းမျိုးသန့်နှင့် နေကြာမျိုးစေ့များ ပံ့ပိုးမှုဖြင့် စိုက်ပျိုးဆောင်ရွက်ထားသည့် ပဲပုပ်ခင်းများအတွင်း နေကြာသီးညှပ်စိုက်ပျိုးထားရှိရာ ပဲပုပ်သီးနှံများ ဖြင့် စိုက်ပျိုးဖြစ်ထွန်းမှု အခြေအနေတို့ကို တောင်သူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြ သည်။

ထို့နောက် စိုက်ခင်းအတွင်း တောင်သူများနှင့်တွေ့ဆုံပြီး လယ်သီးထပ် ဆောင်းသီးနှံစိုက်ပျိုးမှုနှင့် စပ်လျဉ်း၍ စပါးရိတ်သိမ်းအပြီး အချိန်မီနည်းစနစ်ကျ စိုက်ပျိုးနိုင်ရေး အသိပညာပေး ဟောပြော ခဲ့ကြပြီး လာမည့်နှစ်အတွက် စိုက်ပျိုးရေးသွင်းအားစုများ ပိုမိုပံ့ပိုးကူညီပေးနိုင်ရေးနှင့် တောင်သူများ ၏ ကျန်လယ်ယာမြေများတွင်လည်း သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရေး လိုအပ်ချက်များကို မေးမြန်း ဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က သီးနှံအထွက်တိုးပွားရေးနှင့် ပမ္မတီး၊ ရွှေအိုက်၊ ရွှေပြည်သာများရှိ လယ်မြေများတွင် စိုက်ဧကပိုမိုတိုးချဲ့နိုင်ရေးတို့အတွက် တောင်သူများ လိုအပ်သည့်  မျိုး၊ မြေ၊ ရေ၊ နည်းများကို စနစ်တကျ စိစစ်ပံ့ပိုးကူညီနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း လတ်တလောနယ်မြေ အခြေအနေအရ ဝိုင်းမော်မြို့နှင့် မိုင်းနားကျေးရွာ၊  နောင်ချိန်းကျေးရွာများရှိ ဘာသာရေးကျောင်းများ၊ နီးစပ်ရာ ဆွေမျိုးနေအိမ်များတွင် ယာယီတိမ်းရှောင်လာခဲ့ကြသော အိမ်ထောင်စုများအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဆမားခန်းမ၌ တတိယအကြိမ်အဖြစ် သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့သည်။

ထိုသို့ တွေ့ဆုံအားပေးထောက်ပံ့ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က လတ်တလောနယ်မြေ အခြေအနေ အရ နေရပ်ကျေးရွာများကို စွန့်ခွာပြီး တိမ်းရှောင်လာကြသည့် မိသားစုများအား စိတ်ဓာတ်ခွန်အား ရရှိစေရေးနှင့် နေထိုင်စားသောက်မှု အဆင်ပြေစေရေး၊ ယခုလို တတ်အားသ၍ လာရောက် ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ရေးနှင့် အခက် အခဲများရင်ဆိုင်ရာတွင်လည်း မိမိတို့အစိုးရအဖွဲ့နှင့် အတူတကွ ပူးပေါင်းဖြေရှင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း အားပေးပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများက ဝိုင်းမော်မြို့နယ်အတွင်းရှိ အောင်မြင်(၁)၊ ရွှေညောင်ပင်၊ ဒဘတ်ယန်၊ စန်းကား၊ နန်ဆန်ယန်၊ မုတ်လွဲ၊ ဝူယန် ကျေးရွာများမှ လာရောက်တိမ်းရှောင်ခိုလှုံလျက်ရှိကြသော အိမ်ထောင်စု (၆၂)စု၊ လူဦးရေ (၂၄၇)ဦးတို့အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က စုစုပေါင်းငွေကျပ် (၂၁၉၃၀၀၀) တန်ဖိုးရှိ ဆန်အိတ် (၁၆)အိတ်၊ ခေါက်ဆွဲခြောက်ဖာ (၆၂) ဖာနှင့် ကြက်ဥ (၃၁၀)လုံးတို့ကို ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

ထို့နောက် ယာယီတိမ်းရှောင်လာသော ပြည်သူများက လတ်တလောနေထိုင် စားသောက်ရာတွင် လိုအပ်ချက်များ၊ သားငယ်/သမီးငယ်များအတွက် လိုအပ်ချက်များနှင့် အခက်အခဲများကို တင်ပြ ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)