ဝမ်းတွင်းမြို့နယ်၌ မိုး/ဆောင်းသီးနှံများအပြင် ယခုနှစ်၌ ရက်(၉၀)နွေစပါးများ စတင်စိုက်ပျိုး

ဝမ်းတွင်း  ဧပြီ ၄

မိုးတွင်းကာလ ရွာသွန်းခဲ့သောမိုးရေချိန်များကြောင့် ကန်များအတွင်း ရေဝင်ရောက်မှု များပြားကာ မိုးသီးနှံ၊ ဆောင်သီးနှံများအပြင် ရက် (၉၀)နွေစပါးများကို မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် နတ်နန်းကျေးရွာ၌ စတင်စိုက်ပျိုးလျက်ရှိကြောင်း တောင်သူ ဦးမောင်စိုးထံမှ သိရသည်။

ဝမ်းတွင်းမြို့နယ်ရှိ နတ်နန်းကျေးရွာအပြင် ပတ်ဝန်းကျင်ကျေးရွာများသည် မိုးရေကို အဓိကထားကာ စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်သော မိုးကောင်းသောက်ကျေးရွာများဖြစ်ပြီး မိုးတွင်းကာလ မိုးရေရရှိခဲ့ခြင်းကြောင့် ယခုနှစ်နွေရာသီတွင် ရက်(၉၀)နွေစပါးကို စတင်စိုက်ပျိုးလျက်ရှိပြီး ၎င်းရက်(၉၀)နွေစပါးသည် ပျိုးသက်(၂၈)ရက်ပြည့်လျှင် စတင်စိုက်ပျိုးနိုင်ကာ ပျိုးသက်/စိုက်သက် ရက်(၉၀)ပြည့်လျင် ရိတ်သိမ်းနိုင်ကြောင်းနှင့် အထွက်တိုးမျိုးများဖြစ်ကြောင်း၊ ယခင်နှစ်တွေက မိုးရွာသွင်းမှု့နည်းခြင်းကြောင့် မိုး/ဆောင်းသီးနှံများကိုသာ အဓိကထား စိုက်ပျိုးနိုင်ခဲ့ပြီး နွေရာသီတွင် နွားကျောင်း၊ ဆိတ်ကျောင်းအလုပ်ကိုသာ လုပ်ကိုင်ခဲ့ရကြောင်း ယခုနှစ်တွင် မိုးရေချိန်များခဲ့ခြင်းကြောင့် ကန်များအတွင်း မိုးရေများဝင်ရောက်ကာ နွေရာသီတွင်ရက် (၉၀) နွေစပါးကို စတင်စိုက်ပျိုးနိုင်ခြင်းဖြစ်ကြောင်း တောင်သူဦးမောင်စိုးမှထပ်မံ၍ ပြောပြသည်။

အဆိုပါ နတ်နန်းကျေးရွာနှင့် ပတ်ဝန်းကျင်ရှိ တောင်သူများအနေဖြင့် မိုးသီးနှံ ဆောင်းသီးနှံများဖြစ်သော မိုးစပါး(မနောသုခ)အထွက်တိုးသီးနှံများအပြင် ငရုတ်၊ ကြက်သွန်၊ ပဲစင်းငုံ၊ ကုလားပဲ၊ ဝါများကို စိုက်ပျိုးလျက်ရှိပြီး ကွင်းအမှတ်(၁၄၇၅)တွင် စပါးစိုက်ဧက (၁၇၀)ကျော်ရှိကာ ယခုနှစ်နွေရာသီတွင် ရက်(၉၀)စပါးများအားစတင်စိုက်ပျိုးထားရှိပြီး အောင်မြင်ဖြစ်ထွန်းပါက နောက်နှစ်တွင် စိုက်ပျိုးဧကများ တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုရဲ (ဝမ်းတွင်း)