မိုင်းရယ် ဧပြီ ၄
မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ် မြို့နယ်အဆင့် စီမံကိန်းကျေးရွာများ သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် စီမံကိန်းကျေးရွာများမှ ကျေးရွာကော်မတီဝင်များ တက်ရောက်ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရည်မှန်းချက်၊ စီမံကိန်းများဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျှော့ချရေး၊ ကိုယ့်အားကိုယ်ကိုး၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ဒေသဘေးအန္တရာယ်ကျရောက်ပါက အားကောင်းသည့်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရေးစသည်တို့ကို ပြည်သူများ နားလည်သဘောပေါက်လာစေရန် မှာကြားဆောင်ရွက်ခဲ့သည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ဝင်းခိုင်ဦးက မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းနှင့်စပ်လျဉ်း၍ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို (power point)ဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ယင်းနောက် မြို့နယ်မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့နှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းလုပ်ငန်းအဖွဲ့တို့မှ ကျေးရွာကော်မတီဝင်များက မိမိတို့ဒေသတွင် လိုအပ်သည်များ၊ အခက်အခဲများကို တင်ပြဆွေးနွေးကြပြီး တာဝန်ရှိသူတို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မတ်လအထိ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးရွာအုပ်စု (၁၇)အုပ်စုတွင် လူဦးရေ (၁၆၇၀)ဦးအတွက် ကျပ်သန်း ၁၇၆၆ ဒသမ ၄၈၅၀၀ ကိုလည်းကောင်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ဖြင့် ကျေးရွာအုပ်စု (၃)အုပ်စုတွင် လူဦးရေ (၉၄)ဦးအတွက် ကျပ်သန်း ၆၉ ဒသမ ၈၅၀ ကိုလည်းကောင်း ထုတ်ချေး၍ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းရယ်(ပြန်/ဆက်)