ရှမ်းပြည်နယ်ဝန်ကြီးချုပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်လေယာဥ်ကွင်းပြေးလမ်း တိုးချဲ့ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

တာချီလိတ် ဧပြီ ၄

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ဧပြီ(၂)ရက်နေ့ မွန်းလွဲ(၁)နာရီခွဲက   ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ လေယာဥ်ကွင်းပြေးလမ်း တိုးချဲ့ဆောင်ရွက်နေမှုကိူ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်ခန်းမတွင် လေယာဥ်ကွင်းပြေးလမ်းနှင့်ပတ်သက်၍ ဗိုလ်မှူးသိန်းလွင်မှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်လေယာဥ်ကွင်း ခြံစည်းရိုးကာရံထားမှုတို့ကို ရှင်းလင်း၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေယာဥ်ကွင်းပြေးလမ်းနှင့် အုတ်တံတိုင်းကာရံထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသီရိ(အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ)၏ အန္တိမ အဂ္ဂိစျာပန လောင်တိုက်တော်ဆောင်ရွက်ထားရှိမှုတို့ကို ပြည်နယ်ဝန်ကြီးဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

ထို့နောက် တာချီလိတ်မြို့၊ မြို့ရှောင်လမ်းဆောင်ရွက်နေမှုနှင့် မယ်ဆိုင်ချောင်းမြေထိန်းနံရံဆောင်ရွက်ထားရှိမှုတို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာဌာန တာဝန်ရှိသူများမှ ရှင်းလင်းကြ​ပြီး အဆိုပါတာချီလိတ်မြို့ရှောင်လမ်းသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မြေသားတာဘောင် ၀/၂ မိုင်၊ အမာခံခင်းခြင်း ၀/၂ မိုင် စသည့်လုပ်ငန်းများ (၁၀၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်သဖြင့် ၂၀၂၄ ခုနှစ် မတ်လ (၃၁)ရက်နေ့တွင် တာချီလိတ်မြို့ရှောင်လမ်းအား တစ်လမ်းလုံး အမာခံလမ်းအဆင့် အသုံးပြုနိုင်ကြောင်း သိရသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တာချီလိတ်နဂါးနှစ်ကောင်ဘုန်းကြီးကျောင်းတိုက်ဓမ္မာရုံ၌ မိုင်းဘုန်းဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပြီး မိုင်းဖုန်းဆရာတော်မှဦးဆောင်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဧည့်ပရိတ်သတ်တို့က နဂါးနှစ်ကောင်ကျောင်းတိုက်ဦးစီးပဓာန၊ နာယကဆရာတော် ဒေါက်တာဘဒ္တန္တဓမ္မသီရိ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ)အား ရည်စူး၍ ဘုရားရှိခိုကန်တော့ကာ ဆုတောင်းမေတ္တာပို့ အမျှပေးဝေကြကြောင်းသိရှိရသည်။

အဆိုပါ နဂါးနှစ်ကောင်ဆရာတော်အန္တိမအဂ္ဂိစျာပနတွင် ၂၀၂၄ ခုနှစ် မတ်လ (၅)ရက်ညတွင် ကမ္ဘ့ာဗုဒ္ဓသာသနာပြု အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ၊ ဧပြီလ(၁)ရက်ညတွင် တောင်တန်းသာသနာပြုဆရာတော် ဘဒ္ဒန္တသုခမိန္န(စဝ်ဆုခမ်း)၊ ဧပြီလ(၂)ရက်နေ့ညတွင် ဘဒ္ဒန္တပညာသီရ(စဝ်တုပီစိုင်း)၊ (၃)ရက်နေ့ညတွင် သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဥာဏိဿရ၊ (၄)ရက်နေ့ညတွင် ကမ္ဘောဇတိပိဋကဆရာတော်ဘဒ္ဒန္တဝိရိယာနန္န(နောင်ချို)၊ (၅)ရက်ညတွင် အရညဝါသီ မိုင်းဖုန်းဆရာတော်ဘဒ္ဒန္တဥာဏသံဝရတို့က တရားရေအေးတိုက်ကျွေး ဟောကြားတော်မူကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)