မက်မန်း ဧပြီ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၏ အသင်းဝင်ကဒ်နှင့် ရင်ထိုးတံဆိပ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က မက်မန်းမြို့ ကွန်ဟောင်းကျေးရွာခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင်ဥက္ကဋ္ဌ ဒေါ်ညိုက “အမျိုးသမီးများသည် အိမ်တစ်အိမ်တွင် အလွန်အရေးပါကြောင်း၊ အမျိုးသားတွေစီးပွားရှာနေချိန်တွင် အမျိုးသမီးတွေက လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကို သေသေချာချာပြုမှုဆောင်ရွက်သင့်ပါကြောင်း၊ သားသမီးတွေကို လမ်းမှားမရောက်အောင် သွန်သင်ဆုံးမပေးရမည်ဖြစ်ကြောင်း၊ သားသမီးတွေကို ပညာတတ်အောင် သင်ပေးရမည်ဖြစ်ကြောင်း၊ သားသမီးတွေကို ရိုးရာဓလေ့ထုံးထမ်းတွေကို သင်ပေးရမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးကို အဓိကဦးစားပေးသင့်ပါကြောင်း”ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းယုဝေက အသင်းဝင်ကဒ်နှင့် ရင်ထိုးတံဆိပ်အကြောင်းကို သေသေချာချာရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များက ကွန်ဟောင်းကျေးရွာရှိ အမျိုးသမီးများအား ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးခဲ့သည်။ အဆိုပါအခမ်းအနားသို့ ကွန်ဟောင်းကျေးရွာရှိ အမျိုးသမီးဦးရေ(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)