မြစ်သားမြို့နယ်တွင် မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေများအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

မြစ်သား၊ နိုဝင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာ အုပ်စုများရှိ မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့စစ်ဆေးရာတွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ကြီးကြပ်ဆောင်ရွက်ရန် တာဝန် ပေးအပ်ထားသည့် ကူမဲမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအဖွဲ့(၁၀)ဖွဲ့မှတာဝန်ရှိသူများက တာဝန်ကျ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ မဲဆန္ဒရှင်ပြည်သူများ ကိုဗစ်−၁၉ ညွှန်ကြားချက်နှင့်အညီ အဆင်ပြေ ချောမွေ့စွာမဲပေးနိုင်ရေး မဲရုံများ ပြင်ဆင်ထားရှိမှု၊ လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေ များကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကာ မဲရုံတွင်လိုအပ်နေမှုများကို တာဝန်ရှိသူများကမှာကြားခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၉၂)အုပ်စုတွင် မဲရုံပေါင်း(၂၀၀)ရုံရှိကာ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စုစုပေါင်း(၁၅၈၄၉၃)ဦးရှိကြောင်းသိရှိရသည်။

ဆုမွန်(ပြန်/ဆက်)